တပ်ရင်းကြီးစခန်းနှစ်ခု၊ သံချပ်ကာကားတစ်စီး၊ ဟောင်ဝစ်ဇာအမြောက်နှစ်လက်နှင့် ကျင်းစန်းကျော့နယ်စပ်ဂိတ်ကို သိမ်းယူနိုင်ခဲ့ လောက်ကိုင်မြို့သိမ်းတိုက်ပွဲလည်း မကြာခင်လာတော့မည်ဟု ညီနောင်သုံးဖွဲ့ဆို

Author CJ Platform
Categories
Published on Nov 26, 2023

၁၀၂၇ စစ်ဆင်ရေး (၃၀) ရက်မြောက်နေ့ဖြစ်သည့် ယမန်နေ့ (နိုဝင်ဘာ ၂၅) တွင် ကိုးကန့်ဒေသရှိ ကျင်းစန်းကျော့ နယ်စပ်ဂိတ်နှင့် နမ့်စလပ်ဒေသရှိ စစ်ကောင်စီ တပ်ရင်းကြီး (၅၆၇) ၊ (၅၆၈) တပ်စခန်း (၂) ခုကို သိမ်းယူနိုင်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ကျင်းစန်းကျော့ နယ်စပ်ဂိတ်ကို ယမန်နေ့ (နိုဝင်ဘာ ၂၅) နံနက် (၁၀) နာရီဝန်းကျင်တွင် ညီနောင်မဟာမိတ်တပ်များက အပြီးသတ် သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

နမ့်စလပ်ဒေသရှိ စစ်ကောင်စီ တပ်ရင်းကြီး (၅၆၇) ၊ (၅၆၈) တပ်စခန်း (၂) ခုကိုမူ ကိုးကန့်တပ်မတော် (MNDAA) ၊ ရက္ခိုင့်တပ်တော် (AA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ပူးပေါင်း၍ နိုဝင်ဘာလ (၁၉) ရက်မှ စတင်ကာ တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေး (၆) ရက်ကြာပြီးနောက် နိုဝင်ဘာ (၂၄) ရက်နေ့တွင်  ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှုများစွာဖြင့် အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၆) ဦးသေဆုံးခဲ့ကာ စစ်သုံ့ပန်း (၃၁) ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည့်အပြင် သံချပ်ကာ (၁) စီး၊ ဟောင်ဝစ်ဇာ (၂) လက်နှင့် လက်နက်ခဲယမ်းအများအပြားကို ထပ်မံသိမ်းဆည်း ရရှိခဲ့သည်ဟု သိရသည်။

ယခုလက်ရှိတွင် နန့်စလပ်ဒေသ အတွင်းရှိ စစ်ကောင်စီ၏ စခန်းအားလုံးကို ချေမှုန်းနိုင်ခဲ့ပြီးသည့်အတွက် ဒေသတစ်ခုလုံးကို ညီနောင်မဟာမိတ်တပ်ဖွဲ့များက  ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟုလည်း ဆိုသည်။

စစ်ဆင်ရေး (၁) လတာကာလအတွင်း ကိုးကန့်အထူးဒေသ (၁) သည် ကိုးကန့်လူမျိုးတို့ လက်ထဲရောက်ရှိရန် လက်တစ်လှမ်း အလိုသို့ ရောက်ရှိနေပြီး ကိုးကန့်လူမျိုးတို့၏ အိမ်ပြန်တိုက်ပွဲဖြစ်လာမည့် ” လောက်ကိုင်မြို့သိမ်း” တိုက်ပွဲသည်လည်း မကြာမီ လာတော့မည်ဖြစ်သည်ဟုလည်း ဆက်လက် ဖော်ပြထားသည်။

ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် လက်ရှိအချိန်ထိ ရှမ်းမြောက်တခွင်ရှိ မြို့(၇) မြို့၊ တပ်စခန်းပေါင်း (၂၂၀) ဝန်းကျင်နှင့် သံချပ်ကာကားများ၊ ဟောင်ဝစ်ဇာအမြောက်မြားအပါအဝင် လက်နက်ခဲယမ်း အမြားအပြားကိုပါ သိမ်းယူထားနိုင်ပြီးဖြစ်သလို လောက်ကိုင်မြို့ပတ်ဝန်းကျင်ရှိ စခန်းကုန်းများကို တစ်ခုပြီးတစ်ခုသိမ်းယူကာ လောက်ကိုင်မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် ပြင်ဆင်နေသည်ဟုလည်း သိရသည်။