ကိုးကန့်တပ်များ သိမ်းပိုက်ထားသည့် နမ့်စလပ်တောင်ကုန်းစခန်းကို စစ်ကောင်စီက ဓာတုဗုံးများ ကြဲချသဖြင့် တပ်ဖွဲ့ဝင်အချို့ အဆိပ်သင့်ဝေဒနာများ ခံစားနေရဟု MNDAA ဆို

Author အဂ္ဂ
Categories
Published on Nov 24, 2023

၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ် (MNDAA) များ သိမ်းပိုက်ထားနိုင်ခဲ့သည့် နမ့်စလပ် တောင်ကုန်းစခန်းကို စစ်ကောင်စီက ယမန်နေ့ နေ့လယ် (၃) နာရီ (၁၈) မိနစ် အချိန်ခန့်တွင် လေကြောင်းမှ ဓာတု (အ‌ဆိပ်)ဗုံး လေးလုံးလာကြဲခဲ့သည့်အတွက် ကိုးကန့်တပ်၏ တပ်ဖွဲ့ဝင်အချို့ အ‌ဆိပ်ငွေ့များ ရှူမိပြီးနောက် ခေါင်းမူးခြင်း၊ အော့အန်ခြင်းဝေဒနာများ ခံစားနေရသည်ဟု ကိုးကန့်တပ်(MNDAA) ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

 

အလားတူ နိုဝင်ဘာလ (၄) ရက်နေ့တွင်လည်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ မိုင်းကျက်တပ်စခန်းအား တိုက်ခိုက်စဥ်တွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးဖြင့် အသုံးပြု တိုက်ခိုက်ခဲ့သေးသည့်အပြင် နမ့်ခမ်းမြို့နယ်ရှိ စခန်းသစ် လုံခြုံရေးကုန်းကို တအာင်းတပ်မတော်က သိမ်းပိုက်နိုင်ပြီးနောက် နိုတင်ဘာ (၁၈) ရက်နေ့တွင် စစ်ကောင်စီက ဓာတုဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ရဲဘော်တချို့ အဆိပ်သင့်ဝေဒနာခံစားရကာ ဆေးကုသအှု ခံယူခဲ့ရသေးသည်ဟု တအာင်းတပ်မတော် (TNLA) က  နိုတင်ဘာ (၁၈) ရက်နေ့က ထုတ်ပြန်ခဲ့သေးသည်။

 

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ (၂၇) မှ နိုဝင်ဘာ (၂၃) အထိ စစ်ဆင်ရေး (၂၈) ရက်တာအတွင်း စစ်ကောင်စီသည် ရှမ်းမြောက်တခွင်ရှိ မြို့နယ် ကိုးခုနှင့် စခန်းပေါင်း (၂၀၀) နီးပါးကို လက်လွှတ်လိုက်ရပြီးနောက် ဓာတုလက်နက်များဆိုင်ရာ သဘေယတူညီချက်ကိုချိုးဖောက်ကာ တော်လှန်ရေးအဖွဲ့အစည်းများကို ဓာတုလက်နက်များဖြင့် သုံးကြိမ်တိုင်တိုင် လေကြောင်းမှ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ကိုးကန့်တပ် (MNDAA) ၏ ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။