စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး အကြိမ် ၁၀၀ ကျော်ပစ်ကူခဲ့သော်လည်း လားရှိုးရှိ မိုင်းကျက်တပ်စခန်းကို TNLA သိမ်းပိုက်

Author ခေတ်နီ
Categories
Published on Nov 24, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ အခိုင်အမာခံစစ်စခန်းတစ်ခုဖြစ်သည့် မိုင်းကျက်တပ်စခန်းကို တစ်လကျော်တိုက်ခိုက်ပြီးနောက် ယနေ့ နိုဝင်ဘာ၂၄ ရက် သန်းခေါင်ယံတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းအမျိူးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်သည်။

 

အဆိုပါမိုင်းကျက်တပ်စခန်းကို  ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ကာ TNLA တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ပြီး ယနေ့ နိုဝင်ဘာ ၂၄ ရက် သန်းခေါင် ၁၂ နာရီ ၅ မိနစ်ခန့်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ အကြိမ် ၁၀၀ ကျော်အထိ အသုံးပြုပစ်ခတ်ခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က CJ Platform သို့ ပြောကြားသည်။

 

“ဒီစခန်းက စစ်ဆင်ရေးစတဲ့နေ့တည်းက တိုက်ခဲ့တဲ့စခန်းပေါ့။ မနေ့ညကမှ အကုန်ရှင်းလင်းသိမ်းပိုက်မိတယ်။ စခန်းထဲမှာတော့ ဟောင်ဝှစ်ဇာနဲ့ လက်နက်ကြီးတွေသိမ်းမိတယ်ပေါ့။ အတိအကျစာရင်းတော့မရသေးဘူး။ တိုက်ပွဲမှာပဲ စစ်တပ်က အကြိမ် ၁၀၀ လောက်အထိ လေကြောင်းရော၊ လက်နက်ကြီးရောသုံးခဲ့တာပေါ့” ဟု ၎င်းက ဆိုသည်။

 

ထိုတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ပြီး အသေးစိတ်အခြေအနေကိုတော့ CJ Platform သတင်းဌာနမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

 

မြောက်ပိုင်း ညီနောင်သုံးဖွဲ့ ဦးဆောင်တိုက်ခိုက်နေသည့် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှ ယမန်နေ့အထိစစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့ထိန်းချုပ်ထားရာ မြို့ ၈ မြို့အပြင် ၎င်းတို့၏ တပ်စခန်းပေါင်း ၂၁၀ ကျော်အထိ လက်လွှတ်ခဲ့ရပြီးဖြစ်သည်။