ဝင်းရေးမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ တစ်ဦးထိခိုက် ကာ နေအိမ် ခြောက်လုံး ပျက်စီး
ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေ ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ကြောင်း K.N.U မှ ထုတ်ပြန်သည်။
နိုဝင်ဘာ (၁၈) ရက်နေ့ နေ့လယ် (၁၀)နာရီ (၅၅)မိနစ် အချိန်တွင် ဝင်းရေးမြို့နယ်အတွင်းရှိ နို့ဘယ်လောကျေးရွာ အတွင်းသို့ စစ်ကောင်စီမှ ပထမအကြိမ် အဖြစ် လေကြောင်းမှ ဗုံးနှစ်လုံး ကြဲချ တိုက်ခဲ့သည်။
ထို့နောက် (၃) မိနစ်ကြာ အချိန် တွင် ဂျက်ဖိုက်တာ ဖြင့် စက်သေနတ်များပစ်ခတ်ကာ ထပ်မံတိုက်ခိုက်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်အတွင်း နို့ဘယ်လောကျေးရွာ အတွင်းရှိ ပြည်သူတစ်ဦး ဗုံးစထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် စုစုပေါင်းခြောက်လုံး မှာ ဗုံးဒဏ်နှင့် စက်သေနတ်ဒဏ်တို့ကြောင့် ပျက်စီးခဲ့ရကြောင်း K.N.U မှ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ယင်းကဲ့သို့ လေကြောင်း တိုက်ခိုက်မှုကြောင့် နို့ဘယ်လောကျေးရွာ အနီးရှိ စာသင်ကျောင်းအား ပိတ်ခဲ့ရပြီး ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ ဘေးလွတ်ရာသို့ ပြေးရှောင်ခဲ့ရကာ ယခုအခါ စိုးရိမ်ထိတ်လန့်မှုများဖြင့် ကျေးရွာအတွင်း ပြန်လည်နေထိုင်ရကြောင်း K.N.U မှ ဖော်ပြသည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၉) ရက်နေ့တွင်လည်း ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီး အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်ကိုးလုံး ဗုံးစထိမှန် ပျက်စီးခဲ့ရသည်။