ပခုက္ကူ-ရေစကြို လမ်းပေါ်ရှိ ပန်းတိုင်းခြုံကျေးရွာ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၆ ဦး သေဆုံး

Author မင်းထက်
Categories
Published on Nov 23, 2023

ပခုက္ကူ-ရေစကြို လမ်းပေါ်ရှိ ပန်းတိုင်းခြုံကျေးရွာ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၆ ဦး သေဆုံး

 

CJ Platform

 

မကွေးတိုင်း၊ ပခုက္ကူမြို့အနီး၊ ပခုက္ကူ-ရေစကြို လမ်းပေါ်ရှိ ပန်းတိုင်းခြုံကျေးရွာ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်အောင်မောင်းက CJ Platform သို့ ပြောသည်။

 

နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၆ မိနစ်တွင် တပ်ဖွဲ့ဝင် ၂၇ ဦးဖြင့် တပ်စွဲ ထားသော  ပခုက္ကူ – ရေစကြိုမြို့ ဆက်သွယ်ရေး လမ်းမပေါ်ရှိ ပန်းတိုင်းခြုံ စစ်ဆေးရေးဂိတ်ကို စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၁ နာရီ ၃၀ မိနစ်ခန့်အကြာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စခန်းဘန်ကာ အထိုင် ၄ ခုကို ဖျတ်စီး တိုက်ခိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ အနေဖြင့် လက်နက်ချရန် ပြောဆိုခဲ့ပြီး လက်နက်ချလိုသော စစ်သားများမှ ထွက်လာသော်လည်း လက်နက်မချလိုသော စစ်သားများက ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ခဲ့ကြောင်း သိရသည်။

 

“လက်နက်ချမယ်လို့ပြောတဲ့ သုံးလေးယောက်လောက် ရှိတယ် ကျွန်တော်တို့ထံ ရောက်မလာခဲ့ဘူး။ လက်နက်ချပါမယ် မပစ်ပါနဲ့လို့ အော်ဟစ်တောင်းဆိုခဲ့ပြီး သူတို့လက်နက်ချမယ် လက်တွေမြောက်ပြီး ထွက်လာတဲ့အချိန်မှာ လက်နက်မချချင်တဲ့ စကစတပ်သားတွေကနေ ကျနော်တို့ဘက်ကို ပြန်လည်ပစ်တဲ့အခါမှာ  တိုက်ပွဲက ပြန်လည်ဖြစ်ပေါ်ခဲ့တယ်” ဟု Southern YSO PDF တပ်ဖွဲ့တာ၀န်ခံက ပြောသည်။

 

ယင်းစစ်ကောင်စီ တပ်စခန်းအား သိမ်းပိုက်ခါနီး အချိန်အနည်းငယ်အလိုတွင် ပခုက္ကူတပ်မ ၁၀၁ မှ စစ်သားအင်အား ၁၀၀ ခန့်သည် ပုံမှန်လမ်းမကြီးပေါ် အတိုင်းလာရောက်ခြင်း မရှိပဲ တောလမ်းအတိုင်း စစ်ကူတက်လာခဲ့ပြီး တော်လှန်ရေးရဲဘော်များအား နီးကပ်စွာ ဝိုင်းဝန်းခံရသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

 

ယင်းစခန်းဂိတ် တိုက်ခိုက်မှုကို BNRA (ဗမာအမျိုးသား တော်လှန်ရေး တပ်တော်) ၊ Southern YSO PDF နှင့် Yesagyo Revolution Group (YRG) ပခုက္ကူခရိုင် ရင်း ၂ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်သား ၁၆ ဦး သေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပခုက္ကူဆေးရုံသို့ ပို့ဆောင်ကုသ ထားကြောင်း သိရသည်။