ကရင်နီပြည်ရှိ တပ်မ ၆၆ တပ်ဖွဲ့စည်းပုံပျက်သည်အထိ အခြေအနေဆိုးနေ

Author လင်းခိုင်
Categories
Published on Sep 10, 2022

ကရင်နီပြည်နယ်တွင် အကြမ်းဖက်မှုများပြုလုပ်နေသည့် တပ်မ ၆၆ တပ်ဖွဲ့စည်းပုံပျက်သည်အထိ အခြေအနေဆိုးနေကြောင်း ကရင်နီတပ်မတော်က ယနေ့ထုတ်ပြန်ထားသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်ကူအဖြစ် တပ်ရင်း ၆ရင်းကိုဦးဆောင်လာသည့် ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မ ၆၆ တပ်မှူး မျိုးမင်းသည် စစ်ကောင်စီ၏ ဒေသခံတပ်များနှင့် အကြမ်းဖ က်စစ်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

သို့သော် ကရင်နီတပ်မတော် KNDFတပ်များနှင့် PDFတပ်များ၏ ခုခံတိုက်ခိုက်ခြင်း တန်ပြန်ထိုးစစ်များကြောင့် တပ်မမှူးမျိုးမင်းအပြင်းအထန်ဒဏ်ရာရပြီး တပ်မမှူးအစားထိုးခဲ့ရသည်ဟု ကရင်နီတပ်မတော်ကဆိုသည်။

ထို့ပြင် ပရူးဆိုတိုက်ပွဲတွင်တပ်ရင်းမှူးတစ်ဦးကျဆုံးပြီး ကျန်တပ်ရင်းမှူး နှစ်ဦးသည် အခြားသောတိုက်ပွဲများ၌ ဒဏ်ရာရရှိခဲ့သဖြင့် တပ်ရင်းမှူး သုံးဦးသာကျန်တော့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကရင်နီပြည်နယ်ရှိ တပ်မ ၆၆မှ တပ်ရင်းမှူးတစ်ဦးသည်လည်း တာဝန်ထမ်းဆောင်လိုစိတ်မရှိဟုတင်ပြခဲ့သည့်အတွက် ပြစ်ဒဏ်ကျခံစေရန်နောက်တန်းသို့ပြန်လည်ပို့ဆောင်ခံထားရပြီး တပ်မ ၆၆သည် တပ်ဖွဲ့စည်းပုံပျက်သည်အထိအ​ခြေအနေဆိုးနေကြောင်း ကရင်နီတပ်မတော်ကထုတ်ပြန်ထားသည်။

စက်တင်ဘာလ (၈)ရက်တွင် ဝါရီဆူးပလိုင်ဖက်မှ မိုးဗြဲမြို့ ဖက်သို့ အင်အား (၁၀၀)နီးပါးဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်များအား ပွဲကုန်း(၃) ရပ်ကွက်အနီး ၌ KNDF B/03 ၊ B/11 ၊KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ URF တို့ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃၀ခန့်သေဆုံးခဲ့ကြောင်းလည်းသိရသည်။