ရန်ကုန်က ကျောင်းအချို့ထံ စစ်ကောင်စီတပ်သားများ လာရောက်နေ၍ ကျောင်းသားများ အဓမ္မခေါ်ဆောင်ခံရမည်ကို ကျောင်းသားမိဘများ စိုးရိမ်နေ

Author ကိုထက်
Categories
Published on Nov 21, 2023

ရန်ကုန်က မြို့နယ်အချို့ရှိ အထက်တန်းကျောင်းများသို့ စစ်ကောင်စီတပ်ဖွဲ့များဖြစ်သည့် ရဲနှင့် စစ်သားများ ကျောင်းအုပ်နှင့် လာရောက် တွေ့ဆူံမှုများ ရှိနေသည့်အတွက် ကျောင်းသားများကို အဓမ္မခေါ်ဆောင်မည်ကို ကျောင်းသားမိဘများက စိုးရိမ်နေသည်။

 

ယခုရက်ပိုင်းများတွင် စစ်ကောင်စီတပ်သားများက ရန်ကုန်က မြို့နယ်အချို့တွင် လူငယ်များကို အဓမ္မဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

 

“ဟိုတစ်နေ့က ကျွန်မသားတို့ကျောင်းကို ရဲရော၊ စစ်သားတွေရော ကျောင်းအုပ်နဲ့ လာတွေ့တာတဲ့၊ သူတို့က အရန်တပ်သားတို့ ဘာတို့အတွက် လာတာပဲထင်ပါတယ်။ အတန်းပိုင်ဆရာမကလည်း လူကောင်ကြီးကြီးမားမား‌ ကျောင်းသားတွေကို အခုရက်ပိုင်း ကျောင်းမလာဖို့ ပြောလိုက်တာလည်းရှိတယ်။ စိုးရိမ်မှုကတော့ ရှိတယ်လေ၊ အခေါ်ခံသွားရရင် ပိုက်ဆံကသိန်းချီပြီး ပေးရတာလေ။”ဟု မရမ်းကုန်းမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

 

ထို့ပြင် ညဘက်များ၌လည်း လမ်းထိပ်များတွင် ထိုင်နေသော လူငယ်များကို ဖမ်းခေါ်ပြီး ငွေသုံးသိန်းဖြင့် လာရောက် ရွေးခိုင်းကြောင်းလည်း သိရသည်။

 

” အဆောင်က ကောင်လေးတစ်ယောက် ပါသွားတာ၊ သုံးသိန်းနဲ့ ပြန်ခေါ်လာခဲ့ရတယ်။ မပေးနိုင်ဘူးဆို စစ်သင်တန်းကို ခေါ်မယ်ပေါ့ အဲဒီလိုပြောတယ်။ ညဘက် ၈ နာရီနောက်ပိုင်း ကားနဲ့ပတ်နေတာ တွေ့တာနဲ့ ခေါ်သွားရောပဲ” လှိုင်သာယာမြို့ခံတစ်ဦး ကပြောသည်။

 

 

စစ်ကောင်စီတပ် အနေဖြင့် နိုင်ငံတစ်ဝှမ်း တိုက်ပွဲများတွင် အင်အားပြုန်းတီးမှုများ အများအပြား ဖြစ်နေသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

 

 

ရန်ကုန်မြို့တွင် ယခုရက်ပိုင်း ယင်းဖြစ်စဉ်များကြောင့် မြို့ခံများအကြား စိုးရိမ်မှုများ မြင့်တက်နေသည်။

 

“မနေ့ညက အိမ်ရှေ့ဘီယာထိုင်သောက်နေသူတွေ အဖမ်းခံရတယ်။ တရားဝင် ဖမ်းတာလို့တောင် ပြောသွားသေးတယ်” ဟု ဖမ်းဆီးခံရမှုကိုမြင်တွေ့ခဲ့သူ ရွှေပြည်သာမြို့နေသူတစ်ဦးက ပြောသည်။

 

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းမှ ၎င်းတို့ဝါဒဖြန့် မီဒီယာများမှတဆင့် စာသင်ကျောင်းများ ယာယီပိတ်ထားမည်ဟု သတင်းစကားထွက်ပေါ်နေမှုကိုမူ ငြင်းဆန်ခဲ့ပြီး စာသင်ကျောင်းများအတွင်း စစ်ကောင်စီတပ်များ စခန်းချတပ်စွဲမှုကိုတော့ သီးခြား ဖြေရှင်းခဲ့ခြင်း မရှိပေ။