ရခိုင်၊ ကရင်၊ ရှမ်းနှင့် မကွေးတိုင်းကဲ့သို့ စစ်ရေးတင်းမာနေသည့် ဒေသများအား ခြိမ်းခြောက်နိုင်သည့် စစ်ဘက်သုံးလေယာဉ်ပြေးလမ်းသစ်အား စစ်ကောင်စီ တည်ဆောက်နေ

Author သတင်းအဖွဲ့
Categories
Published on Nov 21, 2023

ပဲခူးတိုင်းဒေသကြီး အနောက်ဘက်၊ သဲကုန်းမြို့နယ်၊ အင်းမတိုက်နယ်၊ စစ်ကောင်စီတပ်၏ တပ်မ ၆၆ ဆက်စပ်နယ်မြေ ဧရိယာတွင် စစ်ကောင်စီမှ စစ်ဘက်သုံး လေယာဉ်ပြေးလမ်းအသစ်တစ်ခု လုပ်ဆောင်လျက်ရှိပြီး အလုံးစုံပြီးစီးသည့် အခြေအနေတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း  Myanmar Witness မှ စုံစမ်းဖော်ထုတ် ရေးသားထားသည်။

Myanmar Witness၏ ဖော်ပြချက်တွင် ၎င်းလေယာဉ်ပြေးလမ်းအား စစ်ကောင်စီက ပူးတွဲအဆောက်အဦးများနှင့်အတူ ၂၀၁၉၊ မတ်လမှ စ၍ စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ ၂၀၂၃ခုနှစ် နိုဝင်ဘာလ မြင်ကွင်းအရ တည်ဆောက်မှု အများစု ပြီးစီးနေပြီ ဖြစ်ကြောင်း ပူးတွဲဖော်ပြထားသည်။

 

၎င်းလေယာဉ်ပြေးလမ်းကို မြေပုံကိုဩဒိနိတ်အမှတ်  18°36’43.76″N,  95°18’21.75″E သို့ 18.617438 နှင့် 95.306366 တွင် တွေ့ရှိနိုင်သည်။ CJ Platform အနေဖြင့် ၎င်းလေယာဉ်ကွင်း တည်ရှိရာနေရာအား ဂြိုဟ်တု ဓာတ်ပုံအဟောင်းများနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး လေယာဉ်ပြေးလမ်း တည်ဆောက်မှု လုပ်ငန်း ပြောင်းလဲမှု အမှန်တကယ် တည်ရှိပါသဖြင့် ဖော်ပြပါဖြစ်စဉ် မှန်ကန်ကြောင်း သီးခြားအတည်ပြုသည်။ ဂြိုဟ်တုဓာတ်ပုံများအား ခုနှစ်၊ အညွှန်းစာများနှင့် တကွ အောက်တွင် ထည့်သွင်းဖော်ပြထားသည်။

Myanmar Witness သည် ၎င်းပြေးလမ်းမှာ ပဲခူးတိုင်းဒေသကြီးအတွင်း၊ စစ်တပ်တည်ရှိနေရာ နယ်မြေအတွင်း တွေ့ရသည့် ဒုတိယမြောက်လေယာဉ်ပြေးလမ်း ဖြစ်ကြောင်း၊ ပဲခူးတိုင်းသည် ရခိုင်၊ ရှမ်း၊ ကရင်နှင့် မကွေးတိုင်းတို့ကဲ့သို့ စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများ၊ ပဋိပက္ခများ ဖြစ်ပွားရာ နေရာများနှင့် ဆက်စပ်လျက်ရှိသောကြောင့် အချက်အချာကျသည့် နေရာတစ်ခုဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။

 

စစ်ကောင်စီမှ ယခုကဲ့သို့ လေယာဉ်ပြေးလမ်း တည်ဆောက်မှုအား လျှို့ဝှက်လုပ်ဆောင်ခဲ့ပြီး ၎င်းလေယာဉ်ပြေးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များအား အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ အတည်ပြုနိုင်ရန် ကြိုးစားစဲဖြစ်ကြောင်း CJ Platform ၏ ဆက်သွယ်မေးမြန်းမှုများအရ သိရသည်။

 

စစ်ဘက်သုံး လေယာဉ်ပြေးလမ်း တည်ရှိရာ နေရာသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော အမှတ်(၆၆) ခြေမြန်တပ်မဌာနချုပ် (တခမ ၆၆) နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ပြည်မြိုက တောင်ဘက် မိုင်(၂၀)အကွာ၊ ရန်ကုန်-ပြည်ကားလမ်း အင်းမမြိုကတွင် တည်ရှိသည်။ တခမ (၆၆)သည် စစ်နယ်ဝန်း ပုံသေမရှိဘဲ လိုအပ်သလို စစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ တခမ (၆၆)၏ ဌာနချုပ် တည်ရှိရာ နေရာသည် မအူကန်ကျေးရွာအနီး ပေ ၂၀၀ကျော်ခန့် မြင့်သည့် တောင်ကုန်းပေါ်တွင် တည်ဆောက်ထာခြင်းဖြစ်ပြီး လက်အောက်ခံ တပ်ရင်း (၃)ရင်းနှင့် လက်ရုံးတပ်ဖွဲ့များသာ ဌာနချုပ်အနီးတွင် တပ်စခန်းဖွင့်လှစ်ထားပြီး ကျန်တပ်ရင်းများသည် အင်းမမြို့နှင့် အနည်းငယ်ဝေးသည့် မြို့များတွင် တပ်စခန်းဖွင့်လှစ်ထားသည်။

 

စစ်ကောင်စီသည် တောင်လှန်ရေးအင်အားစုများ၏ နိုင်ငံအနှံ့ထိုးစစ်များတွင် ရှုံးနိမ့်နေခဲ့ပြီး စစ်စခန်းများစွာ လက်လွှတ်နေရပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနေခဲ့သည်။