ကုန်စိမ်းရောင်းနေရာမှ စစ်သားစုဆောင်းရေး လုပ်ဆောင်ခံရသူ တပ်သားတစ်ဦး အလင်းဝင်လာဟု ကဝ ပကဖ ထုတ်ပြန်

Author အဂ္ဂ
Categories
Published on Nov 18, 2023

ပဲခူးတိုင်း ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကဝ ပကဖ) ထံသို့ ချိတ်ဆက်ကာ နိုဝင်ဘာလ (၁) ရက်နေ့တွင် လက်နက်မပါဘဲ အလင်းဝင်လာသည့် စစ်ကောင်စီ၏ ခမရ (၅၅၉) မှ တပ်သား ချစ်မင်းကို ကို ဆုငွေ (၁၀) သိန်း ချီးမြှင့်ကာ သွားလိုသည့် လုံခြုံရာနေရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု ကဝ ပကဖ ၏ ယနေ့ ထုတ်ပြန်ချက် အရ သိရသည်။

အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားကို လုံခြုံရာသို့ ပို့ဆောင်ပေးထားသည့်အပြင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင် (People’s Embrace) နှင့် ချိတ်ဆက်ကာ ကူညီ စောင့်ရှောက်မှုများ ဆက်လက်ပြုလုပ်ပေးလျက် ရှိသည်ဟုလည်းဆိုသည်။

“အလင်းဝင်လာတဲ့ ဒီတစ်ယောက်က အသက် (၂၀) လောက်ပဲ ရှိပါသေးတယ်၊ ကျွန်တော်တို့ကိုဆက်သွယ်တာက ၂၀၂၂ ခုနှစ် ဧပြီလ ကတည်းကပါ၊ သူ့တပ်ရင်း ခမရ (၅၅၉) က တနင်္သာရီအခြေစိုက်ဆိုတော့ ရှေ့တန်းထွက်ရတာ ဘာညာနဲ့ အကြောင်းအမျိုးမျိုးကြောင့် ခုမှပဲ သူ့လည်း ထွက်လာနိုင်တယ်၊ အလင်းဝင်တာက လက်နက်မပါတော့ NUG ကတော့ ဆု‌ငွေမပေးဘူးပေါ့၊ ဒါပေမဲ့ နောက်ပိုင်းမှာ လစဉ်ထောက်ပံ့တာ ဘာညာတော့ရှိတာပေါ့။ ခု ဆုငွေကတော့ ကျွန်တော်တို့ကပဲ အခက်အခဲကြားကနေ နိုင်သလောက် ထောက်ပံ့ပေးလိုက်တာပါ ” ဟု ကဝ ပကဖ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

ထို့အပြင် အဆိုပါ တပ်သားသည် ရန်ကုန်တွင် ကုန်စိမ်းရောင်သူတစ်ဦးဖြစ်ပြီး မိဘများနှင့် စကားများကာ အိမ်ပေါ်မှ ဆင်းလာသည့်အချိန်တွင် (၂၀၂၁ ခုနှစ် ဇွန်လလောက်တွင်) တပ်သားစုဆောင်းရေးထဲပါသွားပြီး စစ်သင်တန်းတက်ရောက်စေကာ တနင်္သာရီအခြေစိုက် ခမရ (၅၅၉) သို့ပို့ဆောင်၍ တာဝန်ထမ်းဆောင်စေခဲ့ခြင်းဖြစ်ပြီး စုဆောင်းရေးထဲ စတင်ပါသွားသည့် အချိန်တွင် အဆိုပါ တပ်သားမှာ အသက် (၁၈) ပြည့်ပြီးကာစသာ ရှိသေးသည်ဟု ၎င်းက ဆက်ပြောသည်။

ယခု လက်ရှိအချိန်တွင်လည်း နိုင်ငံအနှံ့တွင် တပ်သား အများအပြားကျဆုံးကာ ပြုန်းတီးအင်အားများနေသော စစစ်ကောင်စီသည် နိုင်ငံအနှံ့အပြားရှိ လူငယ်များကို စစ်သားစုဆောင်းရေး အနေဖြင့်‌ ခေါ်ဆောင်သွားလေ့ ရှိသည်ကိုလည်း မြေပြင်သတင်းရင်းမြစ်များအရ သိရပါသည်။

ကဝ ပကဖ အနေဖြင့် စစ်ကောင်စီတပ်ကို စွန့်ခွာကာ အလင်းဝင်ရောက်လာသည့် တပ်သားများကို ကြိုဆိုကြောင်းနှင့် အလင်းဝင်လာပါကလည်း အသက် အန္တရာယ်မပြုဘဲ လူ့ဂုဏ်သိက္ခာနှင့် အညီ နေထိုင်နိုင်ရန် ကူညီပေးမည်ဖြစ်ကြောင်း၊ လူမှုဖူလုံရေး (ဆုချီးမြင့်ခြင်း) ကိုလည်း တတ်နိုင်သမျှ ထောက်ပံ့ကူညီပြီး သွားလိုရာသို့ ဘေးကင်းလုံခြုံစွာပို့ပေးမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။