ရွှေဘိုတွင် စစ်ကောင်စီကင်းလှည့်ကား ၆ စီးအား မိုင်းဆွဲတိုက်ခိုက် ထိခိုက်မှုများပြား

Author မင်းထက်
Categories
Published on Nov 18, 2023

ရွှေဘိုမြို့တွင် ကင်းလှည့်ထွက်လာသော စစ်ကောင်စီကား ၆ စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုအားမာန် မြို့ပြ​ပြောက်ကျားတပ်ဖွဲ့ သတင်းပြန်ကြားရေးတာ၀န်ခံ မှ CJ Platformသို့ပြောသည်။

နို၀င်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် ရွှေဘိုမြို့ အောင်ချမ်းသာထိပ် အနီးတွင် လေ့ကျင်ရေး ( ၈ )မှ သံပြားကာ ၂ စီး၊ Pardo ၁စီး ၊ကားကြီး ၃ စီးဖြင့် ကင်းပက်ထွက်လာသော စစ်ကောင်စီတပ်သားများအား မိုင်း ၃ လုံး ပွိုင့် ၂ ကြိမ်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်မှု ရှိခဲ့ကြောင်း သိရသည်။

“စကစတပ် အသေအပျောက်ကတော့များခဲ့တယ် ၊သေဆုံးထိခိုက်စာရင်း အတိအကျကတော့ မသိရသေးဘူး” ဟု ရွှေဘိုအားမာန်မြို့ပြ​ပြောက်ကျားတပ်ဖွဲ့ သတင်းပြန်ကြားရေးတာ၀န်ခံက ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရပြီး အထိနာသွားသော စစ်ကောင်စီတပ်သားမှ အနီးနား၀န်းကျင်ရှိ ရပ်ကွက်များအား လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ၊ တော်လှန်ရေး မဟာမိတ်ညီနောင်များမှာ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအား ရွှေဘိုအားမာန် မြို့ပြပြောက်ကျား ၊ ShweBo Crocogile ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Black SlLENCER DEFENCE FORCE ၊ 96 Solider ၊Burmese Farmers Defense Force(BFDF)၊Flying Dragon Force၊ သိင်္ခအားမာန်အဖွဲ့၊Shwebo Federal Army ၊ Snake Eyes ၊ဘီလူးညီနောင်အဖွဲ့ ၊ရှင်းရှင်း ပ.က.ဖ ၊ ရွှေဘိုဒေါင်းမာန် ၊မဟူရာရွှေဘိုသား၊ Bo Ba Taw ၊ HG Fighter ၊ဇေယျာသွေး၊ရွှေဘိုစွန်ရဲ့၊ ဒေါင်းစစ်သည်အဖွဲ့ နှင့် တန(၂) မဟာမိတ်ညီနောင်များ၊ တန(၅) မဟာမိတ်ညီနောင်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူပင် နို၀င်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီခန့်က ရွှေဘိုမြို့ အ.လ.က )၁) ကျောင်းအနီး ကင်းပတ်ထွက်လာသော ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာတွင်လည်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ထိခိုက်မှု အများအပြားရှိခဲ့ကြောင်း သိရသည်။