မတ္တရာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ဦးကျော်သေဆုံး၊ စစ်ကောင်စီပစ်ခတ်မှုကြောင့် လက်ဘက်ရည်ဆိုင်ထိုင်နေသူ အရပ်သား ၁၀ ဦးထက်မနည်းသေဆုံး

Author မင်းထက်
Categories
Published on Nov 17, 2023

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ၏ တိုက်ပွဲအတွင်း စစ်သား ၂၀ ကျော်သေဆုံးပြီး စစ်သားများ၏ ရမ်းကားပစ်ခတ်မှုကြောင့် မြေစာပင်အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

 

ယမန်နေ့ နို၀င်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီခန့်က မတ္တရာမြို့နယ် ပတ်လည်အင်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ၀င်ရောက်တိုက်ခိုက်ခဲ့သည့် မိနစ် ၅၀ ကြာ ထိတွေ့တိုက်ပွဲအတွင်း စစ်သား ၂၀ ကျော်သေဆုံးခဲ့သည့်အပြင် စစ်သားတစ်ဦးနှင့် သေနတ်သုံးလက် သိမ်းဆည်းရမိကြောင်း မတ္တရာမြို့နယ် ပကဖ ထံမှ သိရသည်။

 

ယင်းတိုက်ခိုက်မှုတွင် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရသူများပြားပြီး လူနာတင်ကား ၃ စီးခန့်လည်း ရောက်ရှိလာခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။

 

ထိုသို့တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းနေ့ နံနက်ပိုင်း ၉ နာရီခန့်တွင် မတ္တရာမြို့နယ် အင်ကြင်းမြိုင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်မှ တပ်သား အင်အား ၅၀ ခန့်သည် စစ်ကူအဖြစ်ရောက်ရှိလာပြီးနောက် ထိုရွာကိုပိတ်ဆို့လိုက်ပြီး နေအိမ်အလုံး ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် လမ်းသွားလမ်းလာများကို ဖုန်း၊ မှတ်ပုံတင်၊ ဆိုင်ကယ်နှင့် ကားများကို တင်းကြပ်စွာစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် ယင်းမြို့နယ် အနောက်ခြမ်းရှိ စစ်ကောင်စီစစ်ကြောင်းမှတပ်သားများသည် ဆည်တော်လမ်းခွဲအနီး အောင်ကံသာရွာမှ အောင်ကန်သာလက်ဖက်ရည်ဆိုင်အတွင်းရှိ အရပ်သား ၁၃ ဦးကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ယင်းမြို့နယ် ပကဖမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

“ဆိုင်ရှေ့ရပ်ပြီး အော်တို ဆွဲသွားတာ။ ဆိုင်ပိုင်မိသားစုရောပါသွားတယ်။ နောက်ထပ် တစ်ယောက်က ဆိုင်ကယ်နဲ့ အလာကို ပစ်ခံရတာ။ ဆိုင်ကယ်စီးလာတာကို လှမ်းပစ်သတ်တာပါ” ဟု မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထို့နောက် စစ်ကောင်စီစစ်ကြောင်းသည် ညနေ ၄ နာရီကျော်တွင်  ယင်းမြို့နယ်၊ ဥဒိန်ရွာတွင် ယာယီတပ်ဆွဲထားသော  ဝေါစုရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာသောကြောင့် လက်နက်ကြီးစထိမှန်ပြီး ၁၅ နှစ်အရွယ် ယောကျာ်းလေး ၂ ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာ၀န်ရှိသူတစ်ဦးက ပြောသည်။