လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ကရင်နီတွင် အရပ်သားသေဆုံးမှု မြင့်တက်လာ

Author ခေတ်နီ
Categories
Published on Nov 15, 2023

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ ပြင်းထန်နေသည့် ကရင်နီပြည်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လေကြာင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်မှုနှင့် သေဆုံးမှုများ မြင့်တက်လာနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRGထံမှ သိရသည်။

၁၁.၁၁ စစ်ဆင်ရေးအဖြစ် ကရင်နီတပ်ပေါင်းများစုမှ လွိုင်ကော်မြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများအား တိုက်ခိုက်သည့်နေ့မှ စတင်ကာ စစ်ကောင်စီတပ်မှ  အရပ်သားများ နေထိုင်ရာ လူနေရပ်ကွက်များအတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နိုဝင်ဘာလ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ သုံးရက်တာအတွင်းမှာပင် အရပ်သား သေဆုံးမှုသည်  ၂၄ ဦးအထိ ရှိခဲ့ကာ ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အရပ်သား သေဆုံးမှု အရေအတွက်သည်  ၁၉ ဦး တိုးလာမှုကြောင့် စုစုပေါင်း ၄၃ ဦးအထိ ရှိလာပြီဖြစ်သည်။

 

ယမန်နေ့ သေဆုံးခဲ့သည့် အရပ်သားများအနက် အသက် ၈ နှစ်အရွယ် ကလေးငယ်နှင့် အသက် ၇၀ အရွယ် အဖိုးအိုတစ်ဦးလည်း ပါဝင်နေပြီး နှစ်ဦးသည် စစ်ကောင်စီတပ်၏ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသူများ ဖြစ်သည်။

“သေတာက လက်နက်ကြီးပေါက်ကွဲမှုနဲ့က အများဆုံးပေါ့၊ အဲ့တည်းမှာ ၈ နှစ်သား တစ်ယောက်ပါတယ် လမ်းသွားလမ်းလာရင်း ပစ်ခတ်ခံရတာ နှစ်ယောက်ပေါ့၊ အခုက လွိုင်ကော်က တမြို့လုံးနီးပါး ရှောင်နေရပြီပေါ့၊ အရင်က နာနတ်တောတို့ မြို့ပြင်နေရာတွေက ဒေါဥခူတို့ နိုးကူးတို့ ချီကယ်တို့က ရှောင်ကြတယ်ပေါ့၊ ဒီရက်ထဲမှာ နည်းနည်းလေးထွက်လို့ရတော့ မြို့ထဲက သောင်းဂဏန်းလောက်အထိ ထွက်သွားကြတယ် “ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ အတွင်းရေးမှူး( ၂ )ဖြစ်သူ ကိုဗညားက ပြောသည်။

 

အဆိုပါ တိုက်ပွဲများသည် ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ ယနေ့ မနက်ပိုင်းတွင်ပင် လေယာဥ်ဖြင့် ပစ်ခတ်မှုသည် ဆယ်ကြိမ်ဝန်းကျင်အထိ ရှိခဲ့ပြီး ညနေပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီတပ်မှ ပစ်ခတ်မှုများကြောင့် လွိုင်ကော်မြို့ရှိ ရပ်ကွက်အများတွင် ဘာသာရေး အဆောက်အအုံများနှင့် အရပ်သား နေအိမ်ပျက်ဆီးမှုများလည်း ရှိနေပြီး စာရင်းအတိအကျကိုမူ CJ Platformအနေဖြင့် စုံစမ်းစဲ ဖြစ်သည်။

 

လက်ရှိ ကရင်နီပြည်တွင် တိုက်ပွဲများကြောင့် စစ်ဘေး တိမ်းရှောင်နေရသူဦးရေသည် ပြည်နယ်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော် ပမာဏဖြစ်သည့် လူဦးရေ ၂ သိန်း ၈ သောင်း ဝန်းကျင်အထိ ရှိနေပြီး စစ်ကောင်စီတပ်မှ လမ်းကြောင်းများ ပိတ်ပင်ထားမှုကြောင့်  ၎င်းတို့အတွက် စားနပ်ရိက္ခာ ခက်ခဲမှုပြဿနာ ဖြစ်ပေါ်လာနေကြောင်းလည်း သိရသည်။