စစ်ကောင်စီ၏ ‌လက်နက်ကြီးနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်၊ အဆောက်အဦများ ထိခိုက်ပျက်စီး

Author အဂ္ဂ
Categories
Published on Nov 15, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ နောင်ပိန်းကျေးရွာကို ယနေ့ နံနက်ပိုင်းမှ ညနေ (၄) နာရီ (၃၀) မိနစ်အထိ ကျောက်မဲအခြေစိုက် စစ်ကောင်စီစခန်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် (၃၀) ကြိမ်၊ Jet Fighter ဖြင့် (၂) ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ကျေးရွာတွင်းရှိ နေအိမ်၊ ဘုန်းကြီးကျောင်းနှင့် ဥယျာဉ်ခြံမြေတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ညီနောင်သုံးဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

ညီနောင်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် အောက်တိုဘာ (၂၇) ရက်မှ စတင်ကာ စခန်းအမြောက်အမြား၊ လူသူလက်နက်ခဲယမ်းနှင့် မြို့များကိုပါ လက်လွှတ်နေရသည့် စစ်ကောင်စီသည် အရပ်သားပြည်သူများအား ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။

တကျော့ပြန် စစ်ပွဲပြန်စသည့် ရခိုင်ပြည်နယ်တွင်လည်း နိုဝင်ဘာ (၁၃) ရက်နေ့တွင် ကျောက်တော်မြို့နယ်ရှိ အပေါက်ဝ ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၂၀)ဦးကျော်သည်  ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချအလင်းဝင်ခဲ့သောကြောင့် အပေါက်ဝကျေးရွာသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း လွိုင်ကော်မြို့မှ ထွက်ခွာလာသည့် စစ်ဘေးရှောင်များ လိုက်ပါလာသည့်ယာဉ်တန်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူအချို့ ထိခိုက်မှုများ ရှိခဲ့ပြီး သေဆုံးမှုတော့ မရှိခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။