ကရင်နီဒေသ တစ်လေးလုံးစစ်ဆင်ရေး သုံးရက်အတွင်း စစ်ကောင်စီကြောင့် အရပ်သား ၂၀ ကျော်သေဆုံး

Author ခေတ်နီ
Categories
Published on Nov 14, 2023

ကရင်နီ(ကယား)ပြည်နယ်အတွင်း နိုဝင်ဘာလ ၁၁ ရက်စခဲ့သည့် တစ်လေးလုံး(၁၁၁၁)စစ်ဆင်ရေး သုံးရက်တာကာလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိိုက်ခိုက်မှုများအပြင် ပစ်ခတ်မှုကြောင့် သေဆုံးသည့် အရပ်သား ၂၄ ဦးထက်မနည်းရှိလာပြီဖြစ်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG)၏ စာရင်းများအရ သိရသည်။

 

နိုဝင်ဘာ ၁၁ မှ ၁၃ ရက်အထိ သုံးရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ၂၀ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူ တစ်ဦးနှင့် စစ်ကောင်စီတပ်၏ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃ ဦး စုစုပေါင်း ၂၄ ဦးအထိရှိကြောင်း သိရသည်။

 

သေဆုံးသူအများစုသည် လွိုင်ကော်နှင့် မိုးဗြဲဒေသများမှဖြစ်ပြီး လက်နက်ကြီးထိမှန်သေဆုံးသူများတွင် အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေးများပါဝင်ကြောင်း သိရသည်။

 

ထို့ပြင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဟန်းတစ်ပါးအပါအဝင် အရပ်သား ၁၅ ဦးကိုလည်း စစ်ကောင်စီတပ်မှဖမ်းဆီးထားကြောင်း သိရသည်။

 

“တိုက်ပွဲကတော့ လွိုင်ကော်မြို့ပေါ်နဲ့ အနီးအနားရပ်ကွက်လေးတွေပေါ့။ မိုးဗြဲဘက်မှာလည်း တိုက်ပွဲတွေဖြစ်လာနိုင်တယ်။ လေလောလောဆယ်တော့ မိုးဗြဲကိုကျနော်တို့ထိန်းချုပ်ထားတာပေါ့။ အဲဒါကြောင့်မလို့လည်း စစ်ကောင်စီက အချိန်မရွေးထိုးစစ်တွေဆင်နိုင်တယ်။ အမှန်တော့ ရက်တိုင်းနီးပါးတိုက်ပွဲဖြစ်တယ်။ အကြီးအသေးပဲကွာတာပေါ့။ အခုလောလောဆယ်တော့ မြို့ပေါ်ရပ်ကွက်အများစုက ပိတ်မိသွားတာပေါ့။ လောလောဆယ် ကျနော်တို့ ထိန်းချုပ်နိုင်တဲ့နေရာတွေကတော့ ကယ်ထုတ်နိုင်တယ်။ အခုတိုက်ပွဲတွေကြောင့် သောင်းဂဏန်းတော့ ထပ်တိုးလာတာပေါ့” ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုဗညားက ဆိုသည်။

 

လက်ရှိကရင်နီပြည်အတွင်း တိုက်ပွဲများကြောင့် စစ်အာဏာသိမ်းစမှ စတင်ကာ ယနေ့အထိ စစ်ဘေးရှောင် ၂ သိန်း ၇ သောင်းကျော်အထိရှိလာနေပြီး ထိုပမာဏသည် ပြည်နယ်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းနီးပါးအထိရှိနေပြီဖြစ်သည်။