လွိုင်ကော်ထောင်အနီး တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်မှ ရပ်ကွက်များအတွင်း လေယာဥ်ဖြင့်ဗုံးကြဲ

Author ခေတ်နီ
Categories
Published on Nov 13, 2023

ကရင်နီပြည် လွိုင်ကော်မြို့ လွိုင်ကော်ထောင်အနီးတွင် ကရင်နီကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လူနေရပ်ကွက်များအတွင်း လေကြောင်းအသုံးပြု ဗုံးကြဲမှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှ စတင်ကာ  ဒေါဥခူရပ်ကွက် အနောက်ခြမ်းရှိ လွိုင်ကော်အကျဥ်းထောင်ကို ကရင်နီပူးပေါင်းတပ်များမှ တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ယနေ့ ညနေပိုင်းတွင် တိုက်လေယာဥ်နှစ်စင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

“ခုနလေးတင်ပဲ နှစ်စင်းနဲ့ဝင်ပစ်သွားတာ၊ ထောင်က အိမ်နဲ့  ၄ လမ်းလောက်ပဲခြားတာ ၊ထွက်မရဘူးရှောင်ဖို့ကို မနေ့ကလည်း လက်နက်ကြီးကျတာ အနောက်အိမ်ကိုကျတာ”ဟု တိုက်ပွဲအတွင်းပိတ်မိနေသည့် ဒေါဥခူဒေသခံတစ်ဦးက ဆိုသည်။

 

လက်ရှိတိုက်ပွဲများအတွင်း နှစ်ဖက်တပ်များ ထိခိုက်မှုအခြေအနေနှင့် အရပ်သား ထိခိုက်သေဆုံးမှု အခြေနေကိုတော့ မသိရှိရသေးပေ။

 

ကရင်နီပြည်တွင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်မှ စတင်ကာ ကရင်နီတပ်ပေါင်းစုများမှ ၁၁၁၁  operation ကို စတင်ကာ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်တပ်စခန်း  ၇ ခုထက်မနည်းကို တပ်ပေါင်းစုဖက်မှ သိမ်းပိုက်ထားနိုင်ကာ စစ်ကောင်စီတပ်၏ အပေါ့စားလေယာဥ်တစ်စီးကိုလည်း တပ်ပေါင်းစုမှ ပစ်ချနိုင်ခဲ့သည်။