ပဲခူးနှင့် မန္တလေးတို့ရှိ တိုက်ပွဲနှစ်ရက်အတွင်း စစ်ကောင်စီ တပ်သား(၉)ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ

Author လင်းနွေဦး
Categories
Published on Nov 13, 2023

NUG ၏ တော်လှန်ရေးအင်အားစုများအားကောင်းသော ပဲခူးနှင့် မန္တလေးတိုင်းတို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၉၊ ၁၀ ရက် နှစ်ရက်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၉) ဦးသေဆုံးကာ (၂၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ MoD ထုတ်ပြန်သော နေ့စဉ်စစ်ရေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာလ (၉)ရက်နေ့၌ မနက်(၄)နာရီခန့်တွင် မန္တလေး တိုင်း သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာ အုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနှင့် ပျူစောထီးအင်အား(၃၀)ခန့်ကို ပူးပေါင်းတော်လှန်ရေးမဟာမိတ် တပ်ဖွဲ့များမှ ဒရုန်းဖြင့်(၉)ကြိမ်အထိတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် မိနစ် (၅၀)ခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆင်‌ရေးကို ဗိုလ်လင်းယုန်တပ်ဖွဲ့၊ ဗိုလ်မိုးကြိုး တပ်ဖွဲ့ ၊ Nine PDF၊ ဗိုလ်ကင်းတပ်ဖွဲ့၊ Northern Tiger Group နှင့် တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၇) ဦးသေဆုံးကာ (၁၂)ဦးထိခိုက်ဒဏ်ရာရရှိသလို တော်လှန်ရေးရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MoD ထုတ်ပြန်ချက်အရ သိရသည်။

တဖန် နိုဝင်ဘာ(၁၀)ရက်နေ့တွင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ အင်ဝိုင်းကျေးရွာအနီး ညောင်လေးပင်-မဒေါက်လမ်းပေါ်ရှိ ရေကြည်ချောင်းတံတား စစ်ဆေးရေးဂိတ်၊ မလူးတဲစစ်ဆေးရေးဂိတ်နှင့် ပုဇွန်မြောင်းကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသောနေရာများသို့ ပူးပေါင်းတော်လှန်ရေးတပ်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၃)၊ ဗမာပြည်သူ့လွတ်လပ်ရေးတပ်တော်(BPLA)၊ တော်ဝင်ဒေါင်း၊ PDF 3702 Fire Dragon အဖွဲ့တို့မှပူးပေါင်းပြီး တပြိုင်တည်းတိုက်ခိုက်ခဲ့သည့်အတွက် ရေကြည်ချောင်းတံတားရှိ ရဲ (၂)ဦး သေဆုံးကာ (၁၀)ဦးခန့် ဒဏ်ရာရရှိခဲ့သည့်အပြင် မလူးတဲစစ်ဆေးရေးဂိတ်မှ (၂) ဦးဒဏ်ရာရရှိခဲ့ကြောင်း MOD မှ ထုတ်ပြန်သည်။

ထို့ပြင် နိုဝင်ဘာ(၁၀)ရက်နေ့ ည(၁၁)ခန့်၌ ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ် ထီးစဲခါးရွာသို့ စစ်ကောင်စီ ခလရ-၅၃၀(လွိုင်လင်လေး/ဒကစ(လွိုင်ကော်) တပ်မှ လက်နက်ကြီး(၃)လုံးနှင့် ပိန်းချစ်ရွာ မွေတော် ရပ်ကွက်ထဲသို့ လက်နက်ကြီး(၂)လုံး ပစ်ခတ်မှုကြောင့် (၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့ရကြောင်း MoD ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။