ကွတ်ခိုင်တွင် လူနာပို့ပြီးပြန်လာသည့် လူနာတင်ယာဥ် ပစ်ခတ်ခံရ

Author ခေတ်နီ
Categories
Published on Nov 06, 2023

ညီနောင်ပူးပေါင်းအဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသော ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင် လူနာကို ဆေးရုံသို့ပို့ဆောင်ပြီးပြန်လာသည့် လူနာတင်ယာဥ်တစ်စီး လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့၏ ပစ်ခတ်ခံရကြောင်း ပစ်ခတ်ခံရသည့် လူမှုကူညီရေးအသင်းတာဝန်ရှိသူထံမှ သိရသည်။

 

စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်ဒဏ်ရာရှိသည့် လူနာကို ကွတ်ခိုင်ဆေးရုံသို့ပို့ဆောင်ပြီးအပြန် နမ့်ဖက်ကာနှင့် နမ့်ခိုင်တံတားအကြားနေရာ၌ ယနေ့ နိုဝင်ဘာလ ၆ ရက် ညနေ ၃ နာရီဝန်းကျင်တွင် အဆိုပါလူနာတင်ယာဥ်များပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

 

မေတ္တာရှင်လူမှုကူညီရေးအသင်းမှ ယာဥ်များပစ်ခတ်ခံရခြင်းဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း ကားကိုယ်ထည်များတွင် ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

 

“ဖြစ်တာက ၃ နာရီဝန်းကျင်လောက်မှာဖြစ်တာ။ ကားနှစ်စီးကြားမှာ ကျတာပေါ့။ ကြီးကြီးမားမားထိခိုက်တာတော့မရှိဘူး။ အစတွေ လာမှန်တာလောက်ပါပဲ။ ဘယ်အဖွဲ့ကပစ်ခတ်တာလဲဆိုတာတော့မသိဘူးပေါ့လေ။ ဒီမှာက အဖွဲ့စုံတယ်။ အခုက တိုက်ပွဲတွေကြောင့် လမ်းတွေပိတ်ထားတဲ့အချိန် ဒီလိုလက်နက်ကြီးထိပြီး ဒဏ်ရာရတဲ့သူတွေရှိတော့ သူတို့မိသားစုတွေက အကူအညီတောင်းတဲ့အခါကျ သွားပေးရတာပေါ့။ ဒီလိုမျိုးလမ်းမှာ ပစ်ခံနေရတော့ သွားရမှာစိုးရိမ်တာတွေတော့ရှိလာတာပေါ့” ဟု မေတ္တာရှင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

 

၎င်းတို့လူနာတင်ယာဥ်ပစ်ခတ်ခံရသည့်အချိန်တွင် ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခံရသည့် နေရာအနီးတဝိုက်တွင် စစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခုသာရှိကြောင်း သိရသည်။

 

ထိုလူနာတင်ယာဥ်ကို ပစ်ခတ်ခဲ့သည့် အဖွဲ့အစည်းအား မသိရှိရသေးဘဲ CJ Platform အနေဖြင့် ဆက်လ်စုံစမ်းဆဲဖြစ်သည်။