သထုံတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား (၁) ဦးဒဏ်ရာရပြီး နေအိမ် (၃) လုံး ပျက်စီး

Author လင်းနွေဦး
Categories
Published on Nov 06, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ တပ်မဟာ (၁)၊ သထုံမြို့နယ်အတွင်း နိုဝင်ဘာ (၃) ရက်နေ့က စစ်ကောင်စီ တပ် ၏ အမှတ်(၃၁၄) အမြှောက်တပ်ရင်းမှ ကျေးရွာများအတွင်းသို့ လက်နက်ကြီး(၁၁)လုံး ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ (၁)ဦး ဒဏ်ရာရရှိကာ နေအိမ် (၃)လုံး ပျက်စီးခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

အဆိုပါ အမှတ် (၃၁၄)တပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီးများထဲမှ (၂) လုံးမှာ တက်တူးကုန်းကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲသောကြောင့် တက်တူးကုန်းရွာသား (၁)ဦး ကျည်စ ရှပ်ထိဒဏ်ရာများရရှိခဲ့ပြီး ကျေးရွာ တွင်းရှိ နေအိမ် (၃) လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ ခမရ-၉ တပ်ရင်းမှ မွန်းလွဲ ၂ နာရီခန့်က လက်နက်ကြီး (၂)လုံးနှင့် ညနေ ၅ နာရီ ၄၀ မိနစ် ခန့်က လက်နက်ကြီး(၃)လုံးပစ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုရှိ၊ မရှိကို စစ်ဆေးဆဲဖြစ်သည်ဟု KNU က ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ(၂၂) ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီ၏ အမှတ် (၂) ခြေမြန်တပ်ရင်းမှ လက်နက်ကြီး(၂)လုံးကို ကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့ရာ ငှက်ပျောတောကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် (၁) လုံးပျက်စီးကာ အပြစ်မဲ့ပြည်သူ (၃) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ရသည်။