စစ်ကောင်စီရဲ့ အဓိက စီးပွားရေး ထောက်တိုင် တစ်ရပ်ဖြစ်တဲ့ MOGE ကို အမေရိကန်မှ ဒဏ်ခတ်ပိတ်ဆို့

Published on Nov 01, 2023

စစ်ကောင်စီပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန်အစိုးရက ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်လိုက်ပါတယ်။

 

အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီရဲ့ ပင်မ ဘဏ္ဍာရေးထောက်တိုင်တစ်ရပ်ဖြစ်တဲ့ အပြင် နှစ်စဉ် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းရာချီ စစ်တပ်ရဲ့ ပြည်ပ စစ်လက်နက်ဝယ်ယူမှုတွေအတွက် ဘဏ္ဍာငွေအဖြစ် စီးဆင်းနေတဲ့ အဆိုပါ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ် အဓိက ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အမေရိကန်အစိုးအနေနဲ့ အဲ့ဒီ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေကို ကနေဒါနဲ့ ဗြိတိန်နိုင်ငံတွေနဲ့လဲ ညှိနှိုင်းဆောင်ရွက် အကောင်အထည်ဖော်မှာ ဖြစ်ကြောင်း၊ မြန်မာစစ်တပ်အနေနဲ့ အဆိုပါလုပ်ငန်းကနေ စီးဆင်းဝင်ရောက်နေတဲ့ ဝင်ငွေတွေကို သုံးပြီး စစ်လက်နက်တွေ ဝယ်ယူကာ မြန်မာပြည်သူလုထုကို ဖိနှိပ်ညှင်းပန်းနေတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ရပ်တန့်ဖို့ အခုလို ပိတ်ဆို့တာ ဖြစ်တယ်လို့လဲ ထုတ်ပြန်ချက်တွင်း ပါဝင်ပါတယ်။

 

အခုလို ပိတ်ဆို့အရေးယူမှုကြောင့် စစ်အစိုးရနဲ့ အမေရိကန်တို့ကြား MOGE နဲ့ ဆက်စပ်ပြီး တိုက်ရိုက်၊ ဒါမှမဟုတ် သွယ်ဝိုက်ပြီး လုပ်ငန်းချိတ်ဆက် ဆောင်ရွက်တာတွေ ကန့်သတ်ဟန့်တားလိုက်တာကြောင်း၊ အမေရိကန်ရဲ့ ဘဏ္ဍာရေးစနစ်ထဲ ဝင်ရောက်ခွင့် မရှိတော့ကြောင်း၊ ပိတ်ဆို့ဖြတ်တောက်မှုတွေ အားလုံး လာမဲ့ ဒီဇင်ဘာ ၁၅ ရက်မှာ စတင်အသက်ဝင်မှာဖြစ်ကြောင်း သိရပါတယ်။

 

အမေရိကန်အနေနဲ့ စစ်အစိုးရဆီ စစ်လက်နက်၊ လေကြောင်း လောင်စာဆီနဲ့ နိုင်ငံခြားငွေ စီးဆင်းမှုအားလုံးကို ရပ်တန့်ဖြတ်တောက်ဖို့ နိုင်ငံအားလုံးကို တိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

 

အမေရိကန်၊ ကနေဒါနဲ့ ယူကေတို့ဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေတာတွေကို ဟန့်တားတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်မှန်သမျှကို ပြတ်ပြတ်သားသား ရှုတ်ချပြီး ပိုပိုဆိုးလာနေတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုတွေနဲ့ နိုင်ငံတွင်း စီးပွားရေး အကျပ်အတည်း အားလုံးကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင်း ပါဝင်ပါတယ်။

 

ဓာတ်ပုံ – AFP