စစ်ကောင်စီ၏ လော်ဘီချယ်နယ်များ၌ တပ်စခန်းများ စီးနင်းခံရစဉ် ခုခံရန် မစွမ်းနိုင်တော့ပါက ဆုတ်ခွာ စစ်ဆင်ရန် ဖြန့်ဝေလာ

Author လင်းနွေဦး
Categories
Published on Nov 01, 2023

၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ၏ စခန်းပေါင်း ၁၀၀နီးပါး လက်လွှတ်ဆုံးရှုံးရပြီးနော့် ယနေ့ နိုဝင်ဘာ ၁ ရက်နေ့ မှ စတင်ကာ စစ်ကောင်စီအား ထောက်ခံအားပေးသော လော်ဘီ ချယ်နယ် များတွင် တပ်စခန်းများ ဝင်ရောက် စီးနင်းတိုက်ခိုက်ခံရပြီး ခံစစ်ဆင်ရန် မစွမ်းနိုင်တော့ပါက ဆုတ်ခွာ စစ်ဆင်ရန် ဖြန့်ဝေမှုများ ပြုလုပ်လာကြောင်း တွေ့ရသည်။

 

ယခုလို ဖြန့်​ဝေမှုများ နှင့်အတူ သတင်းမှားများကိုပါ စစ်ကောင်စီ ဘက်မှ လော်ဘီချန်နယ်များ က ဖြန့်ဝေနေကြသည်ကို တွေ့မြင်နိုင်သည်။

 

ရှမ်းမြောက် နမ္မတူမြို့နယ်မှ နမ့်ဟိုင်းစခန်းအား မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ အောက်တိုဘာ (၃၁)ရက်နေ့ ၌ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ရာတွင် စခန်းအား သိမ်းယူနိုင်ခဲ့ကြောင်း သက်သေ အထောက် အထားများဖြင့် Operation 1027- 3BHA သတင်းထုတ်ပြန်ရေးစာမျက်နှာ ၌ ဖော်ပြခဲ့ပြီးဖြစ်သည်။

 

သို့ရာတွင်မူ လော်ဘီချန်နယ်များ၌ ၎င်း စခန်းအား ၇၂ နာရီကြာ ခုခံစစ် ပြုလုပ်နိုင်ခဲ့ပြီး အထက်အမိန့် အရ ခွာစစ်မဆင်မှီ လက်နက် ရိက္ခာ ခဲယမ်းများအား မီးရှို့ ဖျက်စီး နိုင်ခဲ့ပြီး စခန်းတွင်း မိုင်းများထောင် ထားခဲ့ကာ မဟာမိတ် အဖွဲ့များဘက်မှ မိုင်းနင်းမိ၌ အလောင်းများအား ကားသုံးစင်း တိုက် သယ်ယူသွားရကြောင်း သတင်းမှားဖြန့်ဝေထားသည်။

 

ထိုသို့ သတင်းမှား ဖြန့်ဝေမှုနှင့် ပတ်သတ်၍  သူတို့ ဒီလို သတင်းမှားတွေ ထုတ်ပြန်တာဟာ ညီနောင် မဟာမိတ် သုံးဖွဲ့ က ထုတ်ထားတဲ့ အလင်းဝင်ရင် အသက်ချမ်းသာပေးရုံမက မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနိုင်အောင် ဆောင်ရွက်ပေးမယ် ဆိုတဲ့အပေါ် သူတို့တပ်သားတွေ တစ်ခုခုဆို လက်နက်ချ အညံ့ မခံချင်အောင် ဖြန့်ဝေတာ နေပါလိမ့်မယ်”ဟု တောကျီးကန်း စစ်ကြောင်း၏ အထူး တပ်ဖွဲ့ဝင် ဟောင်း တစ်ဦးမှ သူ၏ အမြင်အား CJ Platform သို့ ပြောကြားခဲ့သည်။

 

ယနေ့မနက်ပိုင်းတွင်လည်း စစ်ကောင်စီ ၏ ခလရ (၁၄၃) တပ်ရင်း တစ်ခုလုံး ညီနောင် သုံးဖွဲ့ထံသို့ လက်နက်ချ အလင်းဝင်ရောက်ခဲ့ပြီး အလင်းဝင်လာသူများထဲတွင် ဒုရင်းမှူး တစ်ဦး နှင့် တပ်ခွဲ မှူး (၂) ဦး အပါအဝင် စုစုပေါင်း (၄၁) ဦး လက်နက်ချ အလင်းဝင်ခဲ့ပြီး ကွမ်းလုံဘက်မှ ပြည်သူ့ စစ် (၁၅) ဦး သည်လည်း ညီနောင် သုံးဖွဲ့ထံ လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း ကိုးကန့် တပ်မတော် (MNDAA )မှ ထုတ်ပြန်ထားသည်။