ရေဦးမြို့နယ်တွင် စစ်တပ်က PDF ၂ ဦးအပါ၀င် ပြည်သူ ၄ ဦးအားသတ်ဖြတ်၊ ပြည်သူ ၄၀ ကျော်ဖမ်းဆီးထား

Author မင်းထက်
Categories
Published on Oct 31, 2023

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ရှိ မစိုးရိမ်ရွာကို စစ်တပ်က ညအချိန် စီးနင်း၀င်ရောက်လာခဲ့ပြီး PDF ရဲဘော် ၂ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ ပြည်သူ အများအပြားကို ဖမ်းဆီးသွားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က CJ Platform သို့ ပြောသည်။

 

ယမန်နေ့ အောက်တိုဘာ ၃၀ ရက်နေ့က ဒီပဲယင်းမြို့တွင်းမှထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းသည် ရေဦးနယ်အနောက်ခြမ်းရွာများကို စစ်ကြောင်းထိုးလာခဲ့ပြီး ရေဦးအနောက်ခြမ်းရှိ မစိုးရိမ်ရွာကို ကနဦး ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း ၊ ယင်းနေ့ ညနေပိုင်းတွင် မစိုးရိမ်ရွာမှတဆင့်  ရေဦးမြို့အနီးရှိ မုတ်စီရွာကို ဆက်လက်ဝင်ရောက်ကာ ရေဦးအနောက်ခြမ်းဒေသများသို့ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ် ဝင်ရောက်ခဲ့ကြောင်း သိရသည်။ထိုသို့ စစ်ကြောင်းထိုး ၀င်ရောက်မှုကြောင့် အောက်တိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စ၍ ရေဦးအနောက်ခြမ်း မစိုးရိမ်၊ ပျော်ဘွယ် ၊ အောင်သာ၊ အောင်ချမ်းသာ၊  ပင်စီ ၊  ခြုံရွာ ၊  ကျီကုန်း ၊ ဇီးကုန်း ၊  မူးဆုံ ၊ ရွာမိဿာ ၊ မုတ်စီ ၊ ပြည်တော်  ၊ ငြုတ္တုံ ၊  ကုန်းကြီး ၊ ကုန်းတန်း ၊ နှောကုန်း၊  စသော ကျေးရွာများမှ ပြည်သူငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင် ခဲ့ကြရကြောင်းသိရသည်။

အောက်တိုဘာ ၃၀ ရက်တွင် ဒီပဲယင်းမှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းကို နံနက် ၈ နာရီ  ၄၀ မိနစ်အချိန်တွင် နယ်မြေခံကာကွယ်ရေးအဖွဲ့ ရွှေဘိုခရိုင်ရင်း ၁၄ ဦးဆောင်ပီး မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သားများ အသေအပျောက်နှင့် ဒဏ်ရာရ စစ်သားများရှိခဲ့ကြောင်း သိရပြီး ညနေ ၅နာရီ ၄၈မိနစ် အချိန်တွင် မုတ်စီရွာမှ ဒဏ်ရာရတဲ့စစ်သားများကို ရေဦးမြို့မှ ကား၄စီးဖြင့် လာရောက်တင်ဆောင်ကာ ရေဦးမြို့တွင်းသို့ ၀င်ရောက်သွားကြောင်း သိရသည်။

 

နောက်ကျန်ရှိခဲ့သော စစ်ကောင်စီတပ်သားများသည် ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ် အစပ်ရှိ မုတ်စီရွာမှတဆင့်  ညပိုင်း ၁၀နာရီခွဲခန့်တွင် ဒီပဲယင်းချုပ်စပ်ရှိ မစိုးရိမ်ရွာဘက်ဆီ တိတ်တဆိတ်ပြန်လှည့်လာကာ ရုတ်တရက် ဝင်ရောက် စီးနင်းပြီး PDF ရဲဘော် ၂ ဦးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ ကျေးရွာနေ ပြည်သူ အများအပြားကို ဖမ်းဆီးသွား​ခဲ့ခြင်းဖြစ်သည်။

“ဘယ်သူမှမသိလိုက်ကြတဲ့အချိန် မစိုးရိမ်ရွာကို အငိုက်ဝင်စီးတာခံလိုက်ရတယ်။မစိုးရိမ်ရွာထိပ်က ကင်းစောင့်တော်လှန်ရေးရဲဘော် ၂ဦးကို လည်လှီးဖြတ်သတ်သွားခဲ့ပြီး မစိုးရိမ်ရွာကို လက်နက်ကြီးနဲ့ရော စက်လက်နက်နဲ့ပါ တရစပ်ပစ်ခတ်ဝင်ခဲ့တယ်။ကျေးရွာအတွင်းက ပြည်သူတွေဖမ်းဆီးခံလိုက်ရတယ်။ ရဲဘော်၂ယောက်အနက် တစ်ယောက်ကို ခေါင်းဖြတ်ထားခဲ့တယ်။ ပြည်သူ ၂ဦး သတ်ထားခဲ့တယ် တစ်ဦးက အမျိုးသမီး။ပေါင်း ၄ ဦး မစိုးရိမ်က အသတ်ခံလိုက်ရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

 

ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက  မစိုးရိမ်ရွာမှ ဖမ်းဆီးခံရတဲ့ပြည်သူတွေ ၄၀ကျော်ကို လက်ပြန်ကြိုးတုပ်ပီး ဒီပဲယင်းမြို့အရှေ့ဘက် ကံပြားရွာထဲမှာ ခေါ်သွားပြီး တပ်စွဲထားကြောင်းသိရပြီး ၄င်းစစ်ကြောင်းသည် ၂၁ရက်နေ့ကနေ ၂၈ရက်အထိ ၈ရက်ကြာ ဒီပဲယင်းနယ် အနောက်ခြမ်းအား စစ်ကြောင်းထိုးပီး  စစ်ရှောင်ပြည်သူ ၈ဦးထက်မနည်း ခေါင်းဖြတ်သတ်ခဲ့ပြီး  လူသားဒိုင်း၂၀ကျော်ကိုလည်း ဖမ်းဆီးသွားတဲ့ စစ်ကြောင်းဟု ဆက်လက်ပြောကြားသည်။

အခုလက်ရှိ ရေဦးနယ်နဲ့ ဒီပဲယင်းချုပ်စပ်က ကျေးရွာတွေက ဆက်လက်တိမ်းရှောင်နေကြရကြောင်း ၊ ဖမ်းဆီးသွားသော ပြည်သူများတွင် အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။