စစ်ကိုင်းမြို့ရှိ စစ်ကောင်စီ ငွေကောက်ခံရာဂိတ် အတိုက်ခံရ နှစ်ဦးသေ သုံးဦးဒဏ်ရာရ

Author မင်းထက်
Categories
Published on Oct 29, 2023

စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်အား ဗုံးသီးလေးလုံး ကြဲချ တိုက်ခိုက်ခဲ့ရာ နှစ်ရက်အတွင်း ရဲ ၃ ဦး ထိခိုက်ခဲ့ပြီး ၂ ဦး သေဆုံးခဲ့ကြောင်း ယူနီကွန်းပျောက်ကြားအဖွဲ့ တာဝန်ခံ someday မှ CJ Platform သို့ပြောသည်။

ကံတလူတိုးဂိတ်အား နှစ်ရက်ဆက်တိုက် ဗုံးသီးလေးလုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန် တိုက်ခိုက်မှုတွင် ရဲနှစ်ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံအရောက်တွင် တစ်ဦးသေဆုံးကြောင်း သိရှိရသည်။

အောက်တိုဘာ ၂၈ ရက်နေ့တွင်မူ ရဲသားနှင့် ပျူစောထီး စုစုပေါင်း သုံးဦး ထိခိုက်ပြီး တစ်ဦးသေဆုံးကြောင်း သိရသည်။

“သူတို့က ဂိတ်ရဲ့တောင်ဘက်က သစ်ပင်အောင်မှာ ကောက်တာပါ။ ၇ယောက်လောက် ရှိပါတယ်။ အမြဲငွေကောက်တာပါ” ဟု ကို someday မှ ပြောသည်။

ထိုတိုက်ခိုက်မှုတွင် ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ နှင့်အတူ Phoenix Sgg၊ Royal Falcon Guerrilla Force ၊ fight for federal နှင့် တောတွင်းတွတ်ပီ အဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကံတလူတိုးဂိတ်သည်လည်း တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများကို အမျိုးမျိုးဒုက္ခပေးပြီး ငွေညစ်နေသော ဂိတ်ဖြစ်သောကြောင့် ခက်ခက်ခဲခဲ အချိန်ယူ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီဘက်တော်သားများနှင့် ပူးပေါင်းကာ ဂိတ်အခွန် ကောက်ခံသော ရွှေတောင်ဝန်ထမ်းများကိုလည်း နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်ပြီး ဆက်လက်ပူးပေါင်းနေပါက အကောက်ခွန်ဂိတ်ကို ဦးတည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

” ဂိတ်မှာက အကိုတို့က ကုန်ကား Light Truckဆိုတော့ စစ်ကိုင်းကို၀င်ရင် တစ်ထောင့်တစ်ရာ ပေးရတယ်၊ အဲ့နားက စစ်သားရယ် ၊ရဲရယ်၊ မော်တော်ပီကယ်တွေက သုံး ဖွဲ့ရှိတာဆိုပြီး တစ်ထောင် စီပေးရတယ်။ အစက ငါးရာ ပေးတာ ငါးရာက ဘာမှလုပ်မရတော့ဘူး တစ်ထောင်ပေးရမယ်ဆိုပြီး ပြောတော့ အဲ့နားမှာကိုက သုံးထောင်ပေးရတယ်။ အပြန်ကျဂိတ်ကလဲ အကိုတို့ကုန်ပါရင် တစ်ထောင့်ခြောက်ရာ ပေးရတယ် ” ဟု စစ်ကိုင်းမြို့နယ်အတွင်း ကုန်ပို့ယာဥ်မောင်းသူ တစ်ဦးမှ CJ Platform သို့ပြောသည်။

စစ်ကောင်စီတပ်သားနှင့် ရဲများသည်လည်း ကားများ ငွေကောက်ခံရာတွင် ကားအကြီးအသေး အမျိုးအစားခွဲ၍ ၁၀၀၀ မှ ၅၀၀၀ အထိ ကောက်ခံလျက်ရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် စစ်ရေးအရှိန်အဟုန်မြှင့် နေချိန်တွင် ပြည်သူများအနေဖြင့် အသွားအလာ ဂရုတစိုက် ဆင်ခြင်ကြပါရန်နှင့် စစ်ကောင်စီတပ်သားများနှင့် အနီးနားနေရာများတွင် နေထိုင်ခြင်းမပြုရန် ယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။