ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးကို စစ်ကောင်စီမှ သတ်ဖြတ်သွား

Author ခေတ်နီ
Categories
Published on Oct 23, 2023

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဘုန်းဘွဲ့ကျေးရွာကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင်ကာ ဝင်ရောက်စစ်ကြောင်းထိုးခဲ့သည့် စစ်ကြောင်းမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် သုံးဦးကို သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

” အဲ့နေ့ကစစ်ကြောင်းက ယမ်းဘီလူးဘကျော်ပေါ့ သူတို့က တိုက်နယ် ၅ ပကဖပေါ့ ၊သူတို့ကိုတဖက်အဖွဲ့အစည်းက နယ်မြေရှင်းတယ်ဆိုပြီး လှမ်းအကြောင်းကြားတော့ ဘုန်းဘွဲ့ဖက်ကို အထွက် ၊စစ်ကြောင်းနဲ့မိပြီး ဖမ်းမေးတာပေါ့ မေးမရတော့ ဓားတွေနဲ့ခုတ်ပြီးသတ်သွားတာ”ဟု ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် Buffalo Soldiers အဖွဲ့ဝင်တစ်ဦးကဆိုသည်။

ကျဆုံး ရဲဘော်များ၏ ရုပ်အလောင်းများကို စစ်ကြောင်းထွက်ခွာပြီးနောက် ဒေသကာကွယ်ရေးအဖွဲ့များမှ နယ်မြေရှင်းလင်းစဥ် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားခဲ့သည့် နေ့ရက် အသေးစိတ်ကိုတော့ မသိရှိရသေးပေ။

အဆိုပါ စစ်ကြောင်းဝင်ရောက်ခဲ့မှုကြောင့် ဘုန်းဘွဲ့၊ နှောပင် ၊အောင်ချမ်းသာ ၊လုံးတော်နှင့် ချီပါရွာများမှ ဒေသခံ ၄၀၀၀ ဝန်းကျင်သည် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။