လယ်ဒိုမြို့နယ် အတွင်းရှိ စစ်ရှောင်ပြည်သူများအား Free Burma Ranger မှ ကူညီ

Author လင်းနွေဦး
Categories
Published on Oct 23, 2023

ကရင် အမျိုးသားအစည်းအရုံး (K.N.U) ၊ အုပ်ချုပ်ရေးနယ်မြေ ၊ လယ်ဒို(ကျောက်ကြီး )မြို့နယ် စစ်တောင်းမြစ်အနောက်ဘက်ခြမ်း၌ စစ်ရှောင်နေရသော ပြည်သူများအား Free Burma Ranger (FBR) နှင့် ကရင့်အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့တို့မှ ဦးဆောင်ကာ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း K.N.U မှ ထုတ်ပြန်သည်။

လယ်ဒိုမြို့နယ် ကျန်းမာရေးဌာန ၊ Free Burma Ranger (FBR) နှင့် ကရင့် အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ တို့မှ အောက်တိုဘာလ (၁၈) ရက်နေ့မှစတင်ကာ စစ်တောင်းမြစ် နောက်ဘက်ခြမ်းရှိ ကျေးရွာ များအတွင်း စစ်ရှောင်ပြည်သူများအတွက် လိုအပ်သော ကျန်းမာရေးကူညီစောင့်ရှောက်မှုများနှင့် စာနပ်ရိက္ခာများအား ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

လိုအပ်သည့် စားနပ်ရိက္ခာများနှင့် ဆေးဝါးများအား Free Burma Ranger (FBR) မှ အဓိက ကူညီထောက်ပံ့ပေးခဲ့ပြီး လက်နက်ကြီးဘေးနှင့် လေကြောင်းတိုက်ခိုက်မှုဘေးမှ ကြိုတင် ကာကွယ်နိုင်ရန် သင်တန်းများ ပို့ချပေးနေသည့်အပြင် လယ်ဒို မြို့နယ် ကျန်းမာရေးဌာန မှ ကျန်းမာရေးအရေးပေါ် စောင့်ရှောက်မှု သင်တန်းများအား ပို့ချပေးနေကြောင်း K.N.U မှ ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၁၆) ရက်နေ့ နှင့် (၁၇) ရက် နေ့တို့တွင်လည်း ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် အတွင်းရှိ လယ်ဒို (ကျောက်ကြီး) မြို့နယ် အတွင်း ကျေးရွာ (၃) ရွာရှိ စစ်ရှောင်ပြည်သူ (၁၁၂၄)ဦး အတွက် ပြည်တွင်း ဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ (C.I.D.K.P) မှ လည်း ငွေကြေးပမာဏ အချို့ ထောက်ပံ့ ကူညီ ပေးခဲ့သည်။