ကန့်ဘလူတွင် စစ်ကောင်စီစစ်ကြောင်းက အရပ်သား ၁၅ ဦးထက်မနည်း ဖမ်းဆီးထား

Author ခေတ်နီ
Categories
Published on Oct 21, 2023

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းက ကျေးရွာအတွင်း ဝင်ရောက်ကာ ရွာသား ၁၅ ဦးထက်မနည်းကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

ချပ်သင်းတိုက်နယ်ရှိ ပုဏ္ဏားကြီးကျေးရွာကို စစ်ကောင်စီတပ်မှ ယနေ့ အောက်တိုဘာလ ၂၁ ရက် မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီးနောက် ကျေးရွာသား ၁၅ ဦးထက်မနည်းကို ဖမ်းဆီးထားခြင်းဖြစ်သည်။

“ဟုတ်တယ်ဗျ စစ်ကြောင်းဝင်ပြီး ဖမ်းထားတာ၊ အတိအကျ အသေးစိတ်ကိုတော့ ကျနော်တို့လဲ မသိရသေးဘူးဗျ”ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူကဆိုသည်။

ကန့်ဘလူမြောက်ဖက်ခြမ်းကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ကာ ၎င်းတို့ အထိုင်တပ်စခန်းများကို ရိက္ခာပို့နိုင်ရန် စစ်ကြောင်းထိုးနေခဲ့ခြင်း ဖြစ်သည်။


ထိုကာလအတွင်း စစ်ကောင်စီတပ်၏ စစ်ရိက္ခာယာဥ်တန်းများကို ဒေသကာကွယ်ရေးတပ်များမှ မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် ရိက္ခာသယ်ယာဥ်တချို့ ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသတွင်း သတင်းများ ဖော်ပြလေ့ရှိသည့် infinity group တွင်ဖော်ပြထားသည်။

ထိုသို့ စစ်ကြောင်းဝင်ရောက်နေမှုကြောင့် ကန့်ဘလူမြောက်ခြမ်းရှိ ပင့်သာကြီးနှင့် ဆားကျင်းရွာများ အပါအဝင် ရွာကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံများအနေဖြင့် ဘေးလွတ်ရာကို တိမ်းရှောင်ပြီး ယခုရက်ပိုင်း မိုးရွာသွန်းမှုများအတွင်း စစ်ဘေးရှောင်နှစ်ဦး မိုးကြိုးထိမှန်သေဆုံးခဲ့မှုလည်း ရှိခဲ့သည်။