ဒီပဲယင်းတွင် စစ်တပ်မီးရှို့၍ ဝင်ငြှိမ်းသူများကို လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားတစ်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရ

Author ခေတ်နီ
Categories
Published on Oct 20, 2023

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများမီးရှို့ခဲ့သည့် နေအိမ်ကို ရှင်းလင်းနေစဥ်စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးကာ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့က ဒီပဲယင်းမြို့အနီး ပျော်ဘွယ်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းပြန်လည်ထွက်ခွာပြီးနောက် ဒေသခံများမှကျေးရွာအတွင်း နေအိမ်များကိုရှင်းလင်းနေစဥ် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲမှ ဒဏ်ရာပြင်းထန်သူ အမျိုးသားတစ်ဦးသည် ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒီပဲယင်းဒေသခံများက ဆိုသည်။

” ပျော်ဘွယ်ရွာထဲကို မီးရှို့ပြီးထွက်သွားတော့ ဝင်ငြိမ်းကြတာပေါ့နော်။ အဲဒီအချိန်လက်နက်ကြီးနဲ့ ပစ်တာပေါ့။ ၆၀ မမနဲ့ပြန်ထုတယ်ပေါ့။ ဒေသခံရော၊ ကာကွယ်ရော၊ တပ်ဖွဲ့ဝင်တွေရောထိတယ်ကြားတယ်။ အခုက စစ်ကြောင်း ဒီပဲယင်းမြို့ပေါ်ရောက်နေတယ်။ ဒီစစ်ကြောင်း ၁၈ ရက်နေ့က ရေဦးကနေထွက်လာတာ။ လမ်းမှာ ကာကွယ်ရေးတပ်တွေရဲ့မိုင်းမိပြီး သေတဲ့ဟာတွေကို အိမ်ထဲထည့်ပြီးမီးရှို့သွားတယ်လို့တော့ကြားနေရတာပဲ” ဟု ဒီပဲယင်းဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

လက်ရှိတွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ဒီပဲယင်းမြို့အတွင်းဝင်ရောက်နေပြီး အင်အားနှစ်ရာဝန်းကျင်အထိ ရှိနိုင်ကြောင်း၊ မည်သည့်နေရာကို ဆက်လက်စစ်ကြောင်းထိုးမည်ကို မသိရသေးသည့်အတွက် ဒီပဲယင်းမြို့အနီးရှိ ကျေးရွာများမှဒေသခံ (၃၀၀၀)ဝန်းကျင်သည် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရကြောင်း သိရသည်။

ဓာတ်ပုံ-ဒီပဲယင်းညီနောင်များ
ပုံစာ- ဒီပဲယင်းမြို့နယ်အတွင်းက စစ်ဘေးရှောင်ကြသူများ(ပုံဟောင်း)