ချောင်းဦးတွင် ရိက္ခာရှာထွက်လာသည့် ရဲနှစ်ဦးကို ပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံဇီးကျေးရွာ ပျူစခန်းတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်မှ ရိက္ခာရှာ ထွက်လာသော ရဲတပ်သားနှစ်ဦးကို ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးလုံးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၅)တပ်ရင်းက ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယမန်နေ့ အောက်တိုဘာလ ၁၉ ရက် နံနက် ၇ နာရီခန့်က PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာတွင် ၎င်းရဲတပ်သားများထံမှ G3 (၂)လက်၊ ကျည်အိမ်(၅)ခု၊ 7.62 ကျည် (၁၅၀)တောင့်၊ ကျည်ကာအင်္ကျီ (၁)ထည်၊ လက်ကိုင်ဖုန်း (၁)လုံး၊ ဆိုင်ကယ် (၁)စီး၊ ဘေးလွယ်အိတ်(၁)လုံး၊ ဓားရှည် (၁)လက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
” သူတို့က နှစ်ဦးတည်း ထွက်လာတာပါ။ မိုင်းတွေ ရှင်းရင်းနဲ့ ရိက္ခာထွက်ရှာတာပါ။ သူတို့နှစ်ဦး ဆိုင်ကယ်နဲ့ ထွက်လာချိန်မှာ ကျွန်တော်တို့က လက်ဦးမှုနဲ့ နေရာယူပြီး တိုက်ခိုက်လိုက်တယ်။ အဲဒီအချိန်မှာ တစ်ယောက်ကတော့ ပွဲချင်းပြီး သေသွားတယ်။ တစ်ယောက်ကတော့ ဒဏ်ရာအပြင်းအထန်နဲ့ ကျွန်တော်တို့ ခေါ်ဆောင်လာခဲ့တယ်။ ဖမ်းဆီးရမိပြီး အဲဒီဒဏ်ရာကြောင့်ပဲ သေဆုံးသွားခဲ့ပါတယ် ” လို့ မုံရွာခရိုင်အမှတ်(၅)တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုစစ်ကောင်စီစခန်းတွင် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲသား ၅၀ ခန့်ရှိသည့်အပြင် ပျူစောထီးအဖွဲ့ဝင်များလည်းရှိကြောင်း သိရသည်။
” ပျူရွာရဲ့ အပြင်ဘက်မှာ ဖြစ်သွားတာပါ။ အဲဒီဖြစ်စဉ်ပြီး အနည်းငယ်ကြာတဲ့အချိန်မှာ သူတို့ဘက်ကနေ တပ်ကူလာတာတွေတော့ ရှိတယ်။ ထိတွေ့တိုက်ပွဲတော့ မဖြစ်ခဲ့ပါဘူး ” ဟု ၎င်းက ဆက်ပြောသည်။
ထိုတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၅) Aung San Force A.S.F၊ မုံရွာခရိုင်တပ်ရင်း(၇)၊ မုံရွာခရိုင်တပ်ရင်း(၂၅) သံမဏိ Force MPDF၊ မုံရွာခရိုင်တပ်ရင်း(၂၈)နဲ့အတူ We Must Win မီးတောက်တပ်ခွဲ(၄)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်ထဲတွင် ကံဇီးရွာပျူစခန်းအပြင် ကင်းမွန်တော်၊ ကလပ်ကြီး စသည့်ကျေးရွာများတွင်လည်း စစ်ကောင်စီတပ်မှ ပျူစောထီးအဖွဲ့များနှင့် အထိုင်ချတပ်စွဲထားကြောင်း သိရသည်။