ရန်ကုန်တွင် လျှပ်စစ်မီးမမှန်၍ အသေးစားလုပ်ငန်းများ ပိတ်သိမ်းရသည်အထိ ထိခိုက်လာ

Author ကိုထက်
Categories
Published on Oct 19, 2023

အကြပ်အတည်းစိုက်လာသည့် နိုင်ငံ့စီးပွား‌ရေး အခြေအနေကြောင့် စီးပွားရေးမြို့တော် ရန်ကုန်တွင် လျှပ်စစ်မီးမမှန်သည့်အတွက် အသေးစားစီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းရသည်အထိ ထိခိုက်လာနေကြောင်း ယင်းလုပ်ငန်းငယ်များထံမှ သိရသည်။

လျှပ်စစ်မီး ပြတ်တောက်မှုများနေသည့်အတွက် ပုံနှိပ်လုပ်ငန်း၊ အိမ်တွင်းမော်တာ စက်ချုပ်လုပ်ငန်းများ၊ မိတ္တူနှင့် စာစီစာရိုက်လုပ်ငန်း စသည့် လျှပ်စစ်မီးအသုံးပြုလုပ်ကိုင်ရသည့် လုပ်ငန်းများအပေါ် ထိခိုက်မှုများ ရှိလာနေကြောင်း သိရသည်။

“မီးကလာချင်သလိုလာနေတာ။ တစ်နေ့လုံးမှ ၁ နာရီ ၊ ၂ နာရီလောက်ပဲ ရသလိုဖြစ်နေတယ်။ မီးစက်အမြဲတမ်းနှိုးပြီး လုပ်ဖို့ကလည်း ဆီဈေးနဲ့ကမဖြစ်ဘူး။ အလုပ်သမားစားရိတ်နဲ့ ကျွန်မတို့အတွက် ဘာမှမကျန်တော့ဘူး” ဟု လှိုင်သာယာမြို့နယ်က မိတ္တူ၊ စာစီစာရိုက်ဆိုင်ရှင်တစ်ဦးက ပြောသည်။

မီးစက်နှိုးပြီး လုပ်ကိုင်ရခြင်းများလာခြင်းကြောင့် လောင်စာဆီဈေး မတတ်နိုင်တော့သည့် အတွက် ပိတ်သိမ်းရသည့် လုပ်ငန်းများလည်း ရှိလာနေသည်ဟု ယင်းလုပ်ငန်းရှင်များက ဆိုသည်။

“ကျွန်တော်တို့က မီးနဲ့အလုပ်လုပ်ရတာလေ။ ပုံနှိပ်စက်ဆိုတော့ အော်ဒါအပ်ထားတာတွေကို လာတဲ့အချိန် အလျင်မီအောင်လုပ်ရတယ်။ အခုမီးက လာချိန်ကျလည်း အချိန်အရမ်းနောက်ကျမှ။ ပြတ်ချိန်ကျတော့ စောပြီးပြတ်သွားတယ်။ လာအပ်တဲ့သူတွေက ဆီဖိုးပေးရင်တော့ ကျွန်တော်တို့ပုံနှိပ်ခပဲယူပါတယ်။ ကြာလာတဲ့အချိန်ထိ မီးကမမှန်ဘူးဆိုရင် လုပ်ငန်းပိတ်ပစ်မှပဲရမယ်” ဟု ပုံနှိပ်စက်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် မိုးတွင်းကာလ မကုန်မီကပင် လျှပ်စစ်မီး ပြတ်တောက်မှုများသည် ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေသည်။

မီတာခများ ယခင်ကထက် ၃ ဆပိုပြီး ပေးဆောင်နေရသော်လည်း ပုံမှန်မရသည့် လျှပ်စစ်မီးကြောင့် ပြည်သူများ အခက်ကြုံနေရသည်။