ရန်ကုန်တွင် စားဆီတန်းစီးရင်း ခိုက်ရန်ဖြစ်ပွားမှုများ နေ့စဉ်ဖြစ်ပွား

Author ကိုထက်
Categories
Published on Oct 04, 2023

ရန်ကုန်မြို့တွင် စားဆီတန်းစီရင်း ခိုက်ရန်ဖြစ်ပွားမှုများ နေ့စဉ်ဖြစ်ပေါ်နေကြောင်း တန်းစီသူများထံမှ သိရသည်။

ရန်ကုန်က လက္ကားဆီဆိုင်များမှ ၎င်းတို့ ဆိုင်ရှေ့ (သို့မဟုတ်) ရပ်ကွက်တွင်း သတ်မှတ်နေရာများတွင် ရောင်းချပေးနေရာများတွင် နေရာလုရာမှ ခိုက်ရန်ဖြစ်ပွားမှုများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့ဆိုင်က ဆိုင်‌ကနေမရောင်းနိုင်ရင် နေတဲ့ရပ်ကွက်ထဲ နေရာတစ်ခုပေါ့။ ဘယ်လမ်းနားမှာတော့ ဘယ်အချိန်လာရောင်းမယ်ဆိုတာကို ကြိုပြီးဆိုင်ရှေ့မှာ စာကပ်လိုက်တယ်။ အဲဒီအချိန်မတိုင်ခင် နေရာအရင်လာဦးထားကြတာရှိကြတယ်ပေါ့။ အဲဒီ‌မှာ နေရာကြားဖြတ်မိတာတွေ၊ အဲဒါတွေကြောင့် ရန်ဖြစ်ကြတာပါ” ဟု ရန်ကုန်မြို့မှ စားသုံးဆီလက္ကားဆိုင်ရှင်တစ်ဦးက ပြောသည်။

ဆီတန်းစီဝယ်ယူရာတွင် ယင်းကဲ့သို့ အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုများကြောင့် ပြီးခဲ့သည့်ရက်ပိုင်းများက ရန်ကုန်မြို့ ၃၈ လမ်းဈေးတွင် စစ်ကောင်စီကားလာရောက်ခဲ့ရသည်ကိုလည်း တွေ့ခဲ့ရသည်။

“ဆိုင်ရှေ့မှာတန်းစီသူက အရမ်းများတော့ နေရာဦးကြရင်း စကားများကြတယ်။ ထိုးကြိတ်တာတွေပါ ပါလာတော့ စစ်ကားရောက်လာတယ်။ အဲဒီအချိန်ကျမှ ငြိမ်သွားကြတယ်။ အဲဒါနဲ့ အဲဒီနေ့က ဆိုင်က မရောင်းတော့ဘူး ” ဟု ၃၈ လမ်းနေ ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရေးဟုဆိုကာ လူတစ်ဦးကို စားဆီ ၅၀ ကျပ်သားခွဲတမ်းစနစ်ဖြင့် ‌ရောင်းချစေခြင်းကြောင့် ရန်ကုန်ရှိ မြို့နယ်များတွင် စားသုံးဆီရရှိရေး တန်းစီစောင့်ဆိုင်းနေကြသော ပြည်သူများကို မျက်စိတစ်ဆုံးတွေ့ရလေ့ရှိသည်။