KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုး နှင့် စစ်ခေါင်းဆောင်တွေ့ဆုံမှုသည် KNU နှင့်မသက်ဆိုင်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒို စောတောနီး ပြောကြား

Author လဂွန်းအိမ်
Categories
Published on Oct 01, 2023

နေပြည်တော်တွင် စက်တင်ဘာလ ၃၀ ရက်နေ့က စစ်ခေါင်းဆောင်နှင့် KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုးတို့ တွေ့ဆုံမှုသည် KNU နှင့် မသက်ဆိုင်သလို လူထုနှင့်လည်း မသက်ဆိုင်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒို စောတောနီး မှ CJ Platform သို့ပြောကြားခဲ့သည်။

စစ်ခေါင်းဆောင်နှင့် စောမူတူးစေးဖိုးတို့သည် စက်တင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းက နေပြည်တော်တွင် ‌တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ မှ ထုတ်ပြန်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် KNU ဥက္ကဌဟောင်းဖြစ်သည့် စောမူတူးစေးဖိုး နှင့်အတူ ဗဟိုကော်မတီဝင်ဟောင်း စောရောဂျာခင် နှင့် ကော့ကရိတ်ခရိုင်ဥက္ကဌ ပဒို ရွှေမောင်း တို့ ပါဝင်ခဲ့ပြီး စစ်ကောင်စီမှ ဖက်လှဲတကင်း ဓါတ်ပုံများရိုက်ကာ ထုတ်ပြန်ခဲ့သည်။

” KNU နဲ့လုံးဝမသက်ဆိုင်တော့ပါ။ ဘာမှသက်ရောက်မှုမရှိပါ။ သူ့နောက်မှာတပ်ထု၊ လူထုလုံးဝမရှိပါဘူး။ သိပ်လည်းမစိုးရိမ်ကြပါနဲ့” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒို စောတောနီး မှ CJ Platform သို့ ပြောသည်။

စောမူတူးစေးဖိုးသည် စစ်ကောင်စီနှင့် စေ့စပ်ဆွေးနွေးရန် သဘောထားရှိသူဖြစ်ပြီး KNU ၏ ၁၇ ကြိမ်မြောက် ကွန်ကရက်အစည်းအဝေးတွင် ဥက္ကဌ နေရာမှ ဖယ်ရှားခံရပြီးနောက် ပဒို စောကွယ်ထူးဝင်း မှ ဥက္ကဌ သစ်ဖြစ်လာခဲ့သည်။

NCA စာချုပ်နှင့်ပတ်သတ်ပြီး စစ်ကောင်စီမှ ချိုးဖောက်ခဲ့မှုကြောင်းပျက်ပျယ်သွားပြီဖြစ်ကြောင်း ၂၀၂၃ ၊ ဩဂုတ်လ တွင် KNU မှထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုကိစ္စနှင့်ပတ်သတ်၍ စစ်ကောင်စီအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်‌သွယ်၍ မရခဲ့ပါ။

စစ်ကောင်စီမှ အောက်တိုဘာလ ၁၅ ရက်နေ့တွင် NCA ၈ နှစ်ပြည့်အခမ်းအနား ကျင်းပမည်ဟု ထုတ်ဖော်ပြောကြားမှုများ ရှိခဲ့သော်လည်း KNU ထိန်းချုပ်နယ်မြေများ အပါအဝင် အခြား တိုင်းရင်းသားဒေသများတွင်လည်း လေယာဉ်ဖြင့်တိုက်ခိုက်ခြင်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းများရှိပြီး စစ်ကြောင်းထိုးမှုများလည်း နေ့စဉ်လုပ်ဆောင်နေသည်။