စစ်ကောင်စီမှ Non-CDM ဝန်ထမ်းများအား ထောက်ပံ့ကြေး ၃သောင်းဖြင့် စည်းရုံးသိမ်းသွင်းလာ

Author ခွန်စစ်နိုင်
Categories
Published on Oct 01, 2023

အင်အားချိနဲ့ လာနေသော စစ်ကောင်စီသည် ၎င်းတို့၏ အဓိကလက်ရုန်းများဖြစ်သော စစ်သားများ အပါအဝင် Non-CDM ဝန်ထမ်းများအား စားဝတ်နေရေး သက်သာချောင်ချိရေးအတွက်ဟုဆိုကာ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ပြည်သူထံမှ မတရာကောက်ယူထားသော အခွန်ငွေများဖြင့် ထောက်ပံကြေး (၃)သောင်းကျပ်စီ လစဥ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ယမန်နေ့ စက်တင်ဘာ ၃၀ ရက်နေ့တွင် ထုတ်ပြန်လာသည်။

“ အဓိကကတော့ သူ့လူသူ စည်းရုံးရေးပြန်ဆင်းနေတယ်လို့ မြင်တယ်၊အဖက်ဖက်က ထောက်ခံမှု ကျဆင်းနေတဲ့ ဒီလိုအချိန်မှာ သူ့အာဏာတည်မြဲဖို့ သူ့ရဲ့အစိုးရယန္တရားလည်ပတ်ဖို့ သူ့လက်အောက်က စစ်သားတွေနဲ့ Non-CDM ဝန်ထမ်းတွေကို ထိန်းသိမ်းဖို့က သူ့အတွက် အသက်တမျှတောင် အရေးကြီးတယ်လို့ ပြောလို့ရတယ်၊ ဒါကြောင့်သူလုပ်ပေးနိုင်သလောက် အစွမ်းကုန်လုပ်ပေးတာလို့ပဲမြင်တယ်၊ ဒါကလည်း ရေတိုဖြေရှင်းနည်းသက်သက်ပါပဲ၊ သူ့မှာ ရေရှည်Planဆိုတာမရှိဘူး၊ တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ပြည်သူတွေဒုက္ခရောက်ကြရမှာပါပဲ၊သူ့လူတွေရော အပါပေါ့” ဟု ပြည်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် ၂၀၂၁ အာဏာသိမ်းမှုအပြီး နိုင်ငံဝန်ထမ်းအများအပြား CDM လုပ်ဆောင်ခဲ့ကြသဖြင့် အစိုးရယန္တယားများ ရပ်တန့်လုနီးပါး နှောင့်နှေးသွားခဲ့ရပြီး ကျွမ်းကျင်မှုအားနည်းသော Non-CDM ဝန်ထမ်းများဖြင့် အသည်းအသန် ကျားကန်နေကြရသည်။

ထို့ပြင် စစ်ကောင်စီသည် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုများအား ကူညီဖြေရှင်းပေးခြင်း မရှိသော်လည်း အခြေခံလုပ်သားလုပ်အားခ တစ်နေ့ (၄၈၀၀)ကျပ်မှ ( ၅၈၀၀) သို့ တိုးမြှင့်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။