မြောင်းမြမြို့နယ် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ကျောင်းသားအချင်းချင်း ရန်ဖြစ်၊ ဒိုင်လူကြီးများ ဖျန်ဖြေခြင်းမရှိဘဲ မတ်တပ်ရပ်ကြည့်ကာ အားပေး

Author စကားဝါ
Categories
Published on Aug 26, 2023

စစ်ကောင်စီ ရန်ပုံငွေရှာပွဲဖြစ်သည့် ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ပညာရေးကော်မတီ ဥက္ကဌဖလား ကျောင်းပေါင်းစုံ (၁၈) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် နှစ်သင်းဖြစ်သည့် အထက(၆) အသင်းနှင့် အထက (စကမြား)အသင်းတို့ ပွဲကစားနေစဉ်အတွင်း အုပ်စုဖွဲ့ထိုးကြိတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၅ရက်နေ့ ယနေပိုင်းတွင် မြောင်းမြမြို့ မြို့မအားကစားကွင်းအတွင်း အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း လက်ရွေးစင် ဘောလုံးအသင်းနှင့် စကမြားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း လက်ရွေးစင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားစဉ် ရန်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တကယ်ကိုထိုးကြတာ အကုန်လုံးတော်တော်ထိသွားတယ်၊ ကျောင်းပွဲတွေမှာ ရန်ဖြစ်ကြတာက ဟိုးအရင်တုန်းကတော့ အမြဲလိုလိုဖြစ်တာပေါ့၊ အခုနောက်ပိုင်းမှာ ကလေးတွေက အသိပညာမြင့်သွားတော့ မဖြစ်တော့တာ ကြာပြီ၊ အခုပွဲကျမှ ဖြစ်တာ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ပိုက်ဆံရတော့ အတင်းလုပ်ခိုင်းတဲ့ ပွဲတွေလေ”ဟု မြောင်းမြမြို့ ဒေသခံတစ်ဦးက ပြောသည်။

ယင်း ပညာရေးကော်မတီဥက္ကဌဖလားပြိုင်ပွဲအား မြောင်းမြမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသင်းပေါင်း (၂၂)သင်း၊ အားကစားသမား (၃၉၆)ဦးဖြင့် ယှဉ်ပြိုင်ကစားနေကြကြောင်း သိရသည်။