ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့ပါကလည်း ပြည်သူလူထုဆန္ဒအတိုင်းသာ တော်လှန်ရေးအား ဆက်လက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

Author လင်းခိုင်
Categories
Published on Aug 01, 2023

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့ပါကလည်း တော်လှန်ရေးအား ပြည်သူလူထုဆန္ဒ အတိုင်းသာ ဆက်လက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်းသန်းမှ ဇူလိုင် ၃၁ ရက်တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ နှင့် အစည်းအဝေးပြုလုပ်ရာ၌ ပြောကြားခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ထွက်လာရင် ပြောင်းသွားမလား မေးကြတာရှိပါတယ်။ ကျွန်တော်တို့ လုံး၀မပြောင်းပါဘူး။ ပြည်သူလူထု ဆန္ဒအတိုင်းသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုဆန္ဒကို အလေးထားပါတယ်။ ကျွန်တော်တို့ မပြောင်းပါဘူးလို့ ဒီအစည်းအဝေးမှာ ပြောချင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိနေသမျှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်မည် မဟုတ်ကြောင်း၊ အဓိက စစ်ကောင်စီပြုတ်ကျရန် လိုအပ်ကြောင်း၊ ၀ိုင်းဝန်းဆောင်ရွက်ပါက မဖြစ်နိုင်စရာမရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ရှိထားပြီးဖြစ်ကာ၊ အာဏာရှင် လုံး၀အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးသည် အဓိကဖြစ်ကြောင်း၊ နိုင်ငံရေးလမ်းကြောင်း ရထားပြီဖြစ်သည့်အတွက် ဘယ်လိုအခက်အခဲ၊ ခြိမ်းခြောက်မှုများဖြစ်ဖြစ် စစ်ကောင်စီ အကွက်ဆင်သည့်ဘက်သို့ လိုက်မသွားရန် အရေးကြီးကြောင်း ပြောကြားသည်။

“NUG\NUCC က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အပေါ် ယုံကြည်ပြီး ရှေ့ဆက်သွားရင်းနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ယူဆပါတယ်။ အစိုးရအပြောင်းအလဲ မဟုတ်ပဲ၊ စနစ်အပြောင်းအလဲ ဖြစ်ပါတယ်။ စစ်အုပ်စုက သပ်လျှိုလာတာတွေက နည်းလမ်းမျိုးစုံ သုံးနေတယ်လို့ ယုံကြည်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ဝန်ကြီး၊ ဒုဝန်ကြီးများနှင့် NUCC မှ ကောင်စီဝင်များ စုစုပေါင်း ၇၂ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။