အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၁.၁ ဘီလီယံစာ လက်နက်ရောင်းချရန် သဘောတူညီခဲ့၍ တရုတ်အပြင်းအထန် ဝေဖန်

Author ဇိမ်း
Categories
Published on Sep 03, 2022

ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံစာ လက်နက်ရောင်းချမှုအတွက် အမေရိကန်က သဘောတူညီခဲ့သောကြောင့် တန်ပြန်အရေးယူမှုများ ခံစားရမည်ဟု တရုတ်နိုင်ငံက အမေရိကန်ကို သတိပေးလိုက်သည်။

CNN သတင်းဌာန၏ ဖော်ပြချက်တွင် အမေရိကန် ပြည်ထောင်စု၏ ယခုအပြုအမူအတွက် တရုတ်နိုင်ငံသံရုံး ပြောရေးဆိုခွင့်ရှိသူ Liu Pengyu က ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း ပြတ်ပြတ်သားသား ဝေဖန်ထားသည်ဟု ဆိုသည်။

“အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချတာဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေး အကျိုးစီးပွားကို ပျက်ပြားစေပါတယ်”ဟု Liu Pengyu က ၎င်း၏ တွစ်တာတွင် ရေးသားခဲ့သည်။

ထိုသို့ ရောင်းချမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး ချက်ချင်းပြန်လည် ရုပ်သိမ်းရမည်ဟု တရုတ်နိုင်ငံဘက်က ယနေ့တွင် အသိပေးခဲ့သည်။

ထိုင်ဝမ်အတွက် လက်နက်ရောင်းချမှုတွင် သင်္ဘောဖျက်ဒုံးကျည် ၆၀ နှင့် ဝေဟင်ပစ်ဒုံးကျည် ၁၀၀ အထိ ပါဝင်နေပြီး ကွန်ဂရက်သို့ ပြီးခဲ့သည့် သောကြာနေ့က ဘိုင်ဒမ်အစိုးရက တရားဝင်အသိပေးထားခဲ့ပြီးဖြစ်သည်။

အမေရိကန်ပြည်ထောင်စုဘက်မှ ထိုင်ဝမ်အတွက် ယင်းသို့ လက်နက်ရောင်းချမှုနှင့် ပတ်သက်ပြီး မူဝါဒများနှင့် ကိုက်ညီအောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

တရုတ်နိုင်ငံသည် ၎င်းတို့၏ ပြည်တွင်းရေးကို အမေရိကန်ပြည်ထောင်စုအနေဖြင့် စွက်ဖက်နေသည်ဟု ယုံကြည်လျက်ရှိသလို အမေရိကန်ပြည်ထောင်စုကလည်း ထိုင်ဝမ်ကျွန်းကို ကာကွယ်မည်ဟု အဆက်မပြတ်ကတိပြုထားသည်။