မြောင်းမြပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်အား စစ်ကောင်စီမှ ပုဒ်မ ၂နှစ်ခု ထပ်တိုး တရားစွဲဆိုကာ ဖားအံထောင်မှ မြောင်းမြထောင်သို့ပြောင်းရွေ့

Author စကားဝါး
Categories
Published on Mar 22, 2023

မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်အား စစ်ကောင်စီမှ ပုဒ်မ ၂နှစ်ခု ထပ်တိုး တရားစွဲဆိုကာ ဖားအံထောင်မှ မြောင်းမြထောင်သို့ ပြောင်းရွေ့ခဲ့ကြောင်း သတင်းရရှိသည်။

ဦးဝေလင်းအောင်အား စစ်ကောင်စီမှ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၄ရက်နေ့တွင် လေ့ကေ့ကော်မြို့သစ်၌ ဖမ်းဆီးခဲ့ပြီးနောက် ၁၁လနီးပါး မတရားဖမ်းဆီးကာ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂၈ရက်နေ့တွင် ပုဒ်မ ၅၀(က) ၊ ၅၂(က)၊ ၅၀(က)၊ ပုဒ်မ ၁၂၂တို့ဖြင့် စစ်ကောင်စီလက်အောက်ခံ မြဝတီတရားရုံးမှ ထောင်ဒဏ် ၂၆နှစ် အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။

“၅၀၅ကတစ်မှု နောက်တစ်မှုက မသိသေးဘူး၊ ကြားကာလ မြောင်းမြမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့တာကိုပါ ထပ်ပြီးတော့ စစ်ဆေးနေတယ်လို့ ကြားပါ၊ မတ်လ ၁၉ရက်နေ့လောက်က မြောင်းမြထောင်ကို ပို့လိုက်တယ်လို့ သိရတယ်”ဟု ဦးဝေလင်းအောင်၏ မိတ်ဆွေတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် ဦးဝေလင်းအောင်အား မြောင်းမြအကျဉ်းထောင်အတွင်းရှိ အဆောင် (၃)တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ယင်းအဆောင်မှာ ရာဇဝတ်သားများအား ထားရှိသည့် အဆောင်ခန်းတစ်ခုဖြစ်ကြောင်း အကျဉ်းဦးစီးနှင့် နီးစပ်သူများထံမှ သိရသည်။

ဦးဝေလင်းအောင်သည် မြောင်းမြမြို့တွင် ကရုဏာရှင်လူငယ်များအသင်းအမည်ဖြင့် ပရဟိတအဖွဲ့တည်ထောင်ကာ ဆယ်စုနှစ်တစ်ခုကျော် ပရဟိတအလုပ်များ လုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး၊ ၂၀၂၀ရွေးကောက်ပွဲတွင် မြို့ခံပြည်သူများ၏ တောင်းဆိုချက်အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခဲ့သူတစ်ဦးဖြစ်သည်။

Related News

Depend on news