မိုင်းပေါက်တွင် လူငယ် ၁၁ ဦး လူကုန်ကူးခံရပြီးနောက် နှိပ်စက်ခံရမှုများကြုံတွေ့နေရကာ လွတ်မြောက်ရန် အကူအညီများ လိုအပ်နေ

Author ခေတ်နီ
Categories
Published on Mar 13, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းပေါက်မြို့နယ်အတွင်း ကျာဖျန်လုပ်ငန်းဟု လူသိများသည့် တရုတ်လူလိမ်လုပ်ငန်းတွင် ရောင်းစားခံခဲ့ရသည့် လူငယ်၁၁ ဦးသည် ပြန်လည်လွတ်မြောက်ရန် အကူအညီများ လိုအပ်နေကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။

အဆိုပါ လူငယ်များသည် ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်ခန့်မှစတင်ကာ ဝပြည်နယ်တွင် အလုပ်သွားရောက်လုပ်ကိုင်ရန် ချိတ်ဆက်ခဲ့သည့် ပွဲစားအမျိုးသမီး ဖြစ်သူ မလုလုဆိုသူမှ မိုင်းပေါက်မြို့ရှိ ကျာဖြန့်လုပ်ငန်း၌ လိမ်လည်ရောင်းစားခဲ့တာပဲ ဖြစ်သည်။

ရောင်းစားခံရသည့် လူငယ်များသည် ရန်ကုန် မန္တလေးကဲ့သို့ ဒေသများအပြင် ၊သီပေါ၊ မန်တုံ၊ အနမ့်ခမ်း၊ပုသိမ် မြို့နယ်များမှ လူငယ်များဖြစ်ကြောင်းသိရပြီး ထိုသို့ရောင်းစားခံရသူများအထဲတွင် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

ယခုလိုမျိုး လူငယ်များ ရောင်းစားခံရတာကြောင့် အဆိုပါ လူငယ်များ၏ မိသားစုများသည် လူကုန်ကူးမှုတားဆီးရေး အဖွဲ့များအပါအဝင် သက်ဆိုင်ရာအဖွဲ့များထံ ဆက်သွယ် အကူအညီတောင်းခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ဘဲ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးကိုတော့ ၎င်း၏မိသားစုမှ ငွေကြေးဖြင့်ပြ န်လည်ရွေးယူကာ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

” သူတို့ကို အစာမကျွေးပဲ တိုက်ပိတ်ထားတယ်၊ ပြဿနာက အစက ၈လစာ စာချုပ်ကို ၁လ လုပ်ခလစာ ယွမ် ၃၅၀၀ နဲ့ ပွဲစားက စာချုပ် ချုပ်တယ်။ ၃လပြည့်ရင် အချိန်ပိုဆင်းပေးရမယ်ဆိုပြီး ၁လ လုပ်ပြီးချိန် လစာရှင်းမပေးသေးဘဲ အချိန်ပို ၃ နာရီဆင်းခိုင်းတာ ၁နာရီပဲ ဆင်းပေးမယ်ပြောလိုက်လို့ ဝ ရဲစခန်းမှာလည်း ၁၁ယောက်လုံးကို ၃ရက် ချုပ်ထားလိုက်တယ်၊ ပြီးတော့ ပြန်ထုတ်လာပြီး တိုက်ပိတ်ထားတာ ပွဲစားကို လာရှင်းခိုင်းတာ ပွဲစားကလည်း စက်ပိတ်ထားပြီး အဆက်အသွယ်မရဘူးတဲ့၊ သူတို့ခိုင်းတာမလုပ်နိုင်ရင် သူတို့ကုမ္ပဏီကို ၁ယောက် ယွမ်တစ်သောင်းခွဲ ပြန်လျော်ပေးရမယ် ပြောတယ်တဲ့။ ဟိုတစ်နေ့ကကျ စာချုပ်အသစ်နဲ့ ၈လ ထပ်ချုပ်ခိုင်းတယ်။ မချုပ်ပေးလို့ အခန်းထဲက အခင်းတွေအကုန်ဖယ်ပြီး ရေတွေဖျန်းခဲ့တယ်တဲ့။ ကျင်စက်တွေနဲ့လည်း ခြိမ်းခြောက်တယ်ပြောတယ်”ဟု လိမ်လည်ရောင်းစားခံရသူတစ်ဦး၏ မိသားစုဝင်က CJ Platformသို့ ပြောသည်။

တရုတ် လူမျိုးများ အဓိက ဦးဆောင် လုပ်ကိုင်နေသည့် ကျာဖျန် ကုမ္ပဏီများသည်” ဝ “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့‌များတွင် အများအပြားရှိကာ ပွဲစားများ၏ လိမ်လည်ခေါ်ဆောင်မှုကြောင့် ဝင်ရောက် လုပ်ကိုင်နေကြသည့် လူငယ်များသည်လည်း ငရဲခန်းတမျှ ဖိနှိပ် နှိပ်စက်မှုများကို ခံနေရတာပဲဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေများကြောင့် မိုင်းပေါက်ရှိ တရုတ် ငွေလိမ်လုပ်ငန်းများတွင် အတင်းအဓမ္မ လုပ်ကိုင်နေကြသည့် သူများအနေဖြင့် မိမိကိုယ်ကိုယ်သတ်သေမှုများပါ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာပင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး တိုက်ပေါ်မှ ခုန်ချသတ်သေခဲ့ပါသေးသည်။

“ဝ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဖွင့်လှစ်လုပ်ကိုင်နေသည့် တရုတ်ငွေလိမ်လုပ်ငန်းများအတွင်းတွင် အလုပ်ရှင်များ၏ ဖိနှိပ် နှိပ်ဆက်မှုမှားကို “ဝ” ဒေသအတွင်းရှိ ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များမှလည်း လာဘ်ငွေရယူကာ လစ်လျစ်ရှုမှုများရှိနေတာကြောင့် လူကုန်ကူးမှုကြုံတွေ့ခဲ့ရသူများအဖို့ လွတ်မြောက်ရန် အခက်အခဲများလည်း ရှိနေတာပဲ ဖြစ်သည်။
ဓာတ်ပုံ- ပေးပို့
ပုံစာညွှန်း- လူကုန်ကူးခံရသည့် လူငယ်များ ဖမ်းဆီးခံထားရသည့် နေရာအား မြင်ရပုံ
#CjPlatform #ဝပြည် #ကျာဖျန် #လူကုန်ကူးမှု