ပင်လောင်း နိမ့်နိမ့်ရွာအတွင်း စစ်တပ်က သတ်ဖြတ်ခဲ့သည့် အရပ်သားရုပ်အလောင်း ၂၂လောင်းတွေ့

Published on Mar 12, 2023

 

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်နှင့် KNDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် နိမ့်နန်ကျေးရွာအတွင်းမှာ စစ်ကောင်စီတပ်မှ သတ်ဖြတ်ခဲ့သည့် ရွာသား ၂၂ ဦး၏ရုပ်အလောင်းများကို တွေ့ရှိရကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။

ပင်လောင်းမြို့နယ်အတွင်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ် ၃ ပတ်ခန့်မှ စတင်ကာ ယနေ့အထိ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီပူးပေါင်းတပ်နှင့် ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု တိုက်ခိုက်မှုများပါ ရှိခဲ့တာပဲဖြစ်သည်။

ယခုလို တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း စစ်ကောင်စီတပ်မှ ယမန်နေ့ မတ်လ ၁၁ ရက်နေ့မှာ နမ့်နိန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် သာသနိက အဆောက်အအုံများအပါအဝင် နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့သည်။

ထိုသို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ အဆိုပါကျေးရွာမှ ဆုတ်ခွာပြီးနောက် ပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေ ဝင်ရောက်ရှင်းလင်းစဥ် အဆိုပါ ကျေးရွာအတွင်း စစ်ကောင်စီတပ်မှ သတ်ဖြတ်ခဲ့သည့် အရပ်သား ၂၂ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့တာပဲ ဖြစ်သည်။

” သူတို့ပြန်ဆုတ်သွားတော့ နယ်မြေဝင်ရှင်းတာ ကျနော်တို့ကြားတာတော့ရွာခံ ၃၀ လောက် ပိတ်မိခဲ့တယ်ကြားတယ် အခုထက်ထိတော့ ၂၂ လောင်း တွေ့ထားတယ် လက်ရှိတော့ အခြေအနေက ငြိမ်နေသေးတယ် “ဟု ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။

ယခုအခြေအနေများသည် ရှေ့တန်းသတင်းရင်းမြစ်၏ ပြောဆိုချက်များသာဖြစ်ပြီး သီးခြားအတည်ပြုနိုင်ရန် CJ Platform အနေဖြင့် ကြိုးစားနေဆဲ ဖြစ်သည်။

ကရင်နီပြည်အတွင်းကိုစစ်ကောင်စီတပ်သည် ယခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမောဆိုမြို့နယ်များဘက်မှ စစ်ကြောင်း ၁၂ ခုဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ကရင်နီပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး မတ်လ ၁၀ ရက်နေ့ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတိုက်ပွဲများမှာတင် စစ်သား ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်သည်။
#CjPlatform #ကရင်နီပြည် #ရှမ်းပြည် #ပင်လောင်းမြို့ #နိမ့်နန့်