အနာဂတ်နိုင်ငံတော်တွင် ကျားမ ခွဲခြားဆက်ဆံခြင်းမရှိဘဲ အခွင့်အလမ်းအားလုံး အတူတကွဖြစ်ရမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် ကတိပြု

Author လင်းခိုင်
Categories
Published on Mar 08, 2023

 

အနာဂတ်နိုင်ငံတော်တွင် ကျားမခွဲခြားဆက်ဆံခြင်းမရှိ ဘဲ အခွင့်အလမ်းအားလုံး အတူတကွ ဖြစ်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ မန်းဝင်းခိုင်သန်းက ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုမှ ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် ကို ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် စာချုပ်ပါ သတ်မှတ်ပြဌာန်းချက်များအတိုင်း လေးစားလိုက်နာရန်၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် စသည်တို့ကို အရပ်သား အစိုးရလက်ထက်တွင် အစဉ်အမြဲ စီမံဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးကာလတွင်လည်း အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ မရှိစေရန်နှင့် အမျိုးသမီး အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

“အနာဂတ်နိုင်ငံတော်မှာ ကျားမခွဲခြားဆက်ဆံခြင်း မရှိဘဲ အခွင့်တူညီမျှစွာ အခွင့်အလမ်းများကို ဖမ်းဆုပ်ပိုင်ဆိုင်ခွင့်ရရှိစေဖို့ အားလုံးအတူတကွ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် တစ်ပါတီအာဏာရှင် လက်ထက်မှ စတင်ကာ ခေတ်အဆက်ဆက် အာဏာရှင်များသည် ပြည်သူတို့၏ အခွင့်အရေးပေါင်းများစွာကို လစ်လျူရှု့ခဲ့ပြီး မြန်မာပြည်သူ ပြည်သားများသည် မွေးရွာပါကိုယ်ပိုင် အခွင့်အရေးများကိုပင် သိရှိနားလည်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည်ဟု ယင်းက ဆိုသည်။

ထိုကဲ့သို့ ပြုလုပ်ခံရမှုကြောင့် ထိခိုက်လွယ်သည့် အမျိုးသမီးများသည် ခေတ်စနစ်ဆိုးဒဏ်ကို ပိုမိုခံစားခဲ့ရကြောင်း၊ ထို့ကြောင့် ယခုနွေဦးတော်လှန်ရေးတွင် အမျိုးသမီးများသည် တော်လှန်ရေး၏ ကဏ္ဍအစုံ၌ ရှေ့တန်းမ ရဲရဲဝံ့ဝံ့ ပါဝင်ဆောင်ရွက်လျက်ရှိသည်ကို မျက်ဝါးထင်ထင်တွေ့မြင်နေရသည်မှာ အလွန်လေးစားဂုဏ်ယူမိသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

ထို့ပြင် စစ်ကောင်စီ၏ အကြမ်းဖက်နှိမ်နှင်းမှုများကို ကြောက်ရွံ့နောက်ဆုတ်သွားခြင်းမရှိဘဲ စွမ်းစွမ်းတမံ ပါဝင်နေကြသည့် အမျိုးသမီးများသည် မြန်မာ့သမိုင်းတွင် မှတ်ကျောက်တင်ရမည့် အမျိုးသမီးများဖြစ်ကြောင်း၊ ယခုတော်လှန်ရေးကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်ခြင်းခံရသည့် အမျိုးသမီးများအတွက် လည်း တရားမျှတမှုများရရှိစေရန် NUG အနေဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ကတိပြု ပြောကြားသည်။

#CjPlatform #NUG #အမျိုးသမီးအခွင့်အရေး