ပြည်ပရောက် CDM များ အခက်အခဲများရှိပါက ရဲရဲဝံ့ဝံ့တင်ပြပေးရန် ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

Author လင်းခိုင်
Categories
Published on Feb 27, 2023

ပြည်ပရောက် CDM များ အခက်အခဲများ ရှိပါက ရဲရဲဝံ့ဝံ့ တင်ပြပေးရန် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်း ပြောကြားထားသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် CDM အောင်မြင်ရေးကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။

CDM များနှင့်ပတ်သက်ပြီး NUCC မှ မူဝါဒများ ထုတ်ပြန်ခဲ့ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ထုတ်ပြန်ချက်များ လုပ်ဆောင်ခဲ့ကြောင်း၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကြီးသည် နွေဦးတော်လှန်ရေးကို အရှိန်အမြင့်ဆုံးရောက်ရှိသွားပြီး နိုင်ငံတကာ အာရုံစိုက်မှုရရှိနိုင်ခဲ့သည်အထိ တော်လှန်ရေးကို အားကောင်းအောင် မောင်းနှင်ပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

ယနေ့အထိ အားမလျှော့တမ်း ဆက်လက်တိုက်ပွဲဝင်နေကြသည့် CDM များသည် နိုင်ငံဂုဏ်ဆောင်များဖြစ်ပြီး လေးစားချီးကျူးထိုက်သူများပင်ဖြစ်ကြောင်း၊တိုင်းပြည် အနာဂတ်အတွက် မိမိတို့၏ ဘဝများ၊ အသက်များကို စတေးကာ ယုံကြည်စွာဖြင့် ရှေ့ဆက်နေကြသည့်အတွက် နှစ်နှစ်ကျော်ကြာသည်အထိ တော်လှန်ရေးသည် အရှိန်အဟုန်ကောင်းကောင်းဖြင့် စစ်အာဏာရှင်အကြမ်းဖက်စစ်တပ်ကို ဖိအားပေးတုံ့ပြန်နိုင်နေခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

“ဒီစိတ်ဓာတ်တွေနဲ့ ဆက်လက် တိုက်ပွဲဝင်နေကြတဲ့ အတွက်ကြောင့်ဘဲ အခုဆိုရင် ကမ္ဘာကြီးက မျက်နှာလွှဲထားလို့မရအောင် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ပိုပြီး အာရုံစိုက် လုပ်ဆောင်လာရတာတွေ ရှိပါတယ်။ ကော်မတီအနေနဲ့လည်း ဒီကဏ္ဍကနေပြီး ကျွန်တော်တို့ရဲ့ CDM များအတွက် အကူအညီများ ရရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်သွားဖို့ကို မှာကြားလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းပြောကြားသည်။

ထို့ပြင် ၂ နှစ်တာကာလအတွင်း CDM အောင်မြင်ရေးကော်မတီသည် CDMer များ၏ လိုအပ်ချက်များ၊ အသံများကို နားထောင်ပြီး ထောက်ပံ့ကူညီရေးအစီအစဉ်များ၊ လုံခြုံရေး၊ လူမှုရေး၊ လေ့လာသင်ယူမှု မရပ်တန့်စေရေးစီမံကိန်းများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အားဖြည့်ကူညီပေးရေး အစီအစဉ်များကို ဝန်ကြီးဌာန အသီးသီးနှင့် မိတ်ဖက်အဖွဲ့များမှ လုပ်ငန်းများ ဖော်ဆောင်ခဲ့သည်ဟု ယင်းက ဆိုသည်။

“လိုအပ်ချက်များ၊ အကန့်အသတ်များကတော့ ရှိနေမှာပဲဖြစ်တယ်။ ပြည်ပ CDM များအနေနဲ့ မိမိရဲ့ အခက်အခဲရှိမှုများကို ကျွန်တော်တို့ရဲ့ Focal များအနေနဲ့ ရဲရဲဝံ့ဝံ့တင်ပြပေးကြပါ။ ကျွန်တော့်အနေနဲ့ အရေးကြီးရင် ကြီးသလို တတ်စွမ်းတဲ့ဘက်က ကူညီလုပ်ဆောင်ပေးကြဖို့ကိုလည်း လမ်းညွှန်မှာကြား ပြင်ဆင်ထားပါတယ်” ဟု ပြောကြားသည်။

ယင်းအပြင် မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရာတွင်လည်း CDM များ၏ ဆန္ဒသဘောထားကို ထည့်သွင်းစဉ်းစားရန် အရေးကြီးပြီး၊ တဖက်တွင်လည်း အစိုးရအနေဖြင့် လူ့အခွင့်အရေးကို အာမခံသည့် အစိုးရတပ်ရပ်အနေဖြင့် စံတန်ဖိုးများကို လိုက်နာရမည်ဖြစ်သည့်အတွက် အဆိုပါအချက်များကိုပါ ထည့်သွင်း စဉ်းစားရန် ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းထားသည်။
#CjPlatform #NUG #CDM #ပြည်ထောင်စုဝန်ကြီးချုပ်