ချင်းလူမျိုးများအနေဖြင့် နွေဦးတော်လှန်ရေးတပ်ဦးတွင် ဆက်လက်ဦးဆောင်ပေးရန် ယာယီသမ္မတ တိုက်တွန်း
ချင်းလူမျိုးများသည် တော်လှန်ရေးတပ်ဦးတွင် အနစ်နာခံ ပေးဆပ်ပြီး တိုက်ပွဲဝင်နေသည့်အတွက် နွေဦးတော်လှန်ရေးတပ်ဦးတွင် ဆက်လက် ဦးဆောင်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့တွင် ကျရောက်သည့် ၇၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။
ချင်းလူမျိုးများသည် ကိုယ့်ဒေသ ကိုယ့်လူမျိုးအုပ်ချုပ်သည့် ကိုယ်ပိုင်နိုင်ငံ တည်ဆောက်မည့်အစား ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာအစိုးရ၊ ကချင်ခေါင်းဆောင်၊ ရှမ်းခေါင်းဆောင်များနှင့်အတူ ပြည်ထောင်စုနိုင်ငံကို အတူတူ ထူထောင်ကြရန် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု အစိတ်အပိုင်း ဖြစ်လာရန် ပြည်ထောင်စုအကျိုးအတွက် အားကြိုးမာန်တက်ပါဝင်ခဲ့သည့် လူမျိုးများဖြစ်သည်ဟု ယာယီသမ္မတက ဆိုသည်။
လွန်ခဲ့သည့် ၂ နှစ်အတွင်း မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ချင်းလူမျိုးများသည် ရိုးရာဓလေ့အမဲလိုက်ရာတွင် အသုံးပြုသည့် တူမီးသေနတ်ကိုင်ပြီး မောင်းပြန်ကိုင်သည့် စစ်အာဏာရှင်များကို ပထမဦးဆုံး စတင်တိုက်ခိုက်ခဲ့ကာ တူမီးတော်လှန်ရေးကို စတင်ခဲ့ကြောင်း ယာယီမသမ္မတက ရှင်းပြသည်။
“ဒါဟာ ချင်းလူမျိုးတွေရဲ့ တူမတူတဲ့ ရဲစွမ်းသတ္တိကြောင့်လို့ ပြောလို့ရပါတယ်။ အဲ့ဒါထက် အရေးကြီးတာက ဘာလဲဆိုရင် ချင်းလူမျိုးတွေ ဟာ ဒီမိုကရေစီကို ဘယ်လောက်မြတ်နိုးတန်ဖိုးထားသလဲဆိုတဲ့ သက်သေ သာဓကဘဲဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
ထို့ပြင် ဒီမိုကရေစီမြတ်နိုးကြသည့်အတွက် ဖေဖော်ဝါရီ ၂၀ ရက်သည် ချင်းအမျိုးသားနေ့အဖြစ် ဖြစ်လာရခြင်းဖြစ်ကြောင်း၊ ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးများအနေဖြင့် ပဒေသရာဇတ်စနစ် ဖျက်သိမ်းပြီး ချင်းတစ်မျိုးသားလုံး ဒီမိုကရေစီစနစ်ကို ကျင်းသုံးရန် လုံးဝဥသုံ ဆုံးဖြတ်ချက်ချသည့် ဒီမိုကရေစီကို ရွေးချယ်သည့် နေ့ထူးနေ့မြတ်ဖြစ်သည်ဟု ယာယီသမ္မတက ရှင်းလင်း ပြောကြားသည်။
“ယခုတော်လှန်ရေးကို ကြည့်မယ်ဆိုရင်လည်း ချင်းလူမျိုးများဟာ တော်လှန်ရေးတပ်ဦးမှာ အနစ်နာခံ ပေးဆပ်ပြီးတော့ ပါဝင်တိုက်ခိုက်နေကြတာကိုတွေ့ရပါတယ်။ အခုဆိုရင် ချင်းပြည်နယ်ရဲ့ နယ်မြေအားလုံးနီးပါးကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်နဲ့ CJDC ဦးဆောင်တဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ CDF က ထန်းချုပ်ထားတာကိုတွေ့ရပါတယ်။ ဒါကြောင့် ချင်းလူမျိုးတွေအနေနဲ့ဆက်လက်ပြီးနွေဦးတော်လှန်ရေးတပ်ဦးမှာ ဆက်လက်ဦးဆောင်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု ယာယီသမ္မတက ဆိုသည်။
ထို့ပြင် စစ်အာဏာရှင် ဖြုတ်ချပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုသစ်ကို တည်ဆောက်ရာတွင်လည်း ချင်းလူမျိုးများ ဆက်လက်ပါဝင်နိုင်ရန် လိုအပ်ကြောင်း၊ ထို့မှသာ ချင်းလူမျိုးများ၊ ချင်းအမျိုးသားခေါင်းဆောင်များ လိုလားသည့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရသော ချင်းပြည်ကို ရရှိမှာဖြစ်သည် ဟု ယင်းက ဆိုသည်။
ပြည်သူလူထုကို အကြမ်းဖက်ပြီး ရွာများကို မီးရှို့ကာ၊ အရပ်သားနေအိမ်များကို ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီထံမှ ဘာမှ ရရှိရန်မရှိကြောင်း၊ ထို့ကြောင့် ချင်းလူမျိုးများသည် တော်လှန်ရေး တပ်ဦးမှ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ယာယီသမ္မက ဆက်လက် ပြောကြားသည်။
#CjPlatform #NUG #ချင်းအမျိုးသားနေ့ #ယာယီသမ္မတ