ခင်ဦးတွင် စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံ ၅၀၀၀ ကျော် စစ်ရှောင်နေရ

Author ခေတ်နီ
Categories
Published on Feb 15, 2023

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်း ထိုးနေတာကြောင့် ကျေးရွာ ၇ ရွာမှ ဒေသခံ ၅၀၀၀ ခန့် စစ်ဘေး တိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ခင်ဦးမြို့နယ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ လ ၈ရက်နေ့မှာ စတင်ကာ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး နေခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာတော့ ခင်ဦးမြို့နယ်အတွင်းရှိ စောကြီးနှင့် သနပ်စိန်ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာလည်း မင်းကံကြီးနှင့် လက်ပံလှကျေးရွာ၊ လောင်းရှည်ကျေးရွာ များကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သည်။

“စောကြီးတို့ သနပ်စိန်တို့က ပထမအကြိမ်အရှို့ခံရသေးတယ် အဲ့ချိန်တည်းက အိမ်မရှိတော့လို့ ယာယီတဲထိုး နေနေတာကို အခု ယာယီတဲတွေ ပါရှို့သွားတာ “ဟု ခင်ဦးဒေသခံတစ်ဦးက ဆိုသည်။

ထိုသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး မီးရှို့မှုကြောင့် ကျေးရွာ၅ရွာမှ နေအိမ်အများအပြားပျက်စီးခဲ့ရပြီး အရေအတွက် အတိအကျကိုတော့ မသိရှိရသေးပါဘူး လက်ရှိမှာတော့ အဆိုပါ စစ်ကြောင်းသည် ရွှေဘိုမြို့နယ်သို့ ထွက်ခွာသွားပြီး စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ကျေးရွာ ၅ ရွာရှိ ဒေသခံများအနေဖြင့် နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

“အိမ်ခြေ အတိအကျက ကျနော် တို့လဲအတိအကျမသိရသေးဘူး၊ မင်းကံကြီးကတော့ ၃၀ ကျော်တယ် လက်ပံလှ နဲ့ လောင်းရှည်က တော့စိစစ်ဆဲပေါ့ အရပ်သား သေဆုံးတာတော့ မရှိခဲ့ဘူး”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံများ အနေဖြင့် နေရပ်မပြန်နိုင်သေးပဲ လက်တလောနေထိုင်နိုင်ရန် စားနပ်ရိက္ခာအပါအဝင် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ခင်ဦးမြို့နယ် #စစ်ဘေးရှောင်