မြောင်းမြမြို့နယ် လျှပ်စစ်ရုံး မြို့နယ်ဦးစီးမှူးမှ စက်ရုံများထံ အခကြေးငွေတောင်းခံကာ လျှပ်စစ်မီးရောင်းစားနေ

Author စကားဝါ
Categories
Published on Feb 14, 2023

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ် ဦးစီးမှူးဖြစ်သူ ဦးလှဟန်မှ မြို့နယ်အတွင်းရှိ စက်ရုံများထံ အခကြေးငွေကောက်ခံကာ လျှပ်စစ်မီးများအား အလှည့်ကျပေးခြင်းဖြင့် ကိုယ်ကျိူးရှာနေကြောင်း ဒေသခံများမှ CJ Platform ထံ သတင်းပေးပို့သည်။

 

မြောင်းမြမြို့နယ်အတွင်း ဆန်စက်နှင့်ဆားစက်အပါအဝင် စက်ရုံပေါင်း ၆၀ခန့်ရှိရာ ၎င်းစက်ရုံများအား အလှည့်ကျ မီးပေးဝေနိုင်ရေးအတွက် လာဘ်ငွေများ ရယူကာ လူနေရပ်ကွက်များအား လျှပ်စစ်မီးဖြန့်ဝေခြင်း မပြုဘဲ စက်ရုံများနှင့် ဆန်စက်၊ဆားစက်များကိုသာ လျှပ်စစ်မီးဖြန့်ဖြူးနေကြောင်း သိရသည်။

 

“ခရိုင်ဦးစီးနဲ့ ပေါင်းပြီးတော့ လုပ်စားနေတာ၊ စက်ရုံတွေက ဘွိုင်လာကိုယ်စီမရှိကြတော့ လျှပ်စစ်မီးမရှိရင် စက်လည်မရတော့ သူ့ကို ပိုက်ဆံစုပေးရတယ်၊ သူက လူနေရပ်ကွက်တွေကို မီးပေးရမယ့်အလှည့်ကို မပေးဘဲ စက်ရုံတွေပဲပေးနေတာ လူနေရပ်ကွက်တွေမှာ တစ်နေ့ကို လေးနာရီလောက်တောင် မီးက ပုံမှန်မလာဘူး”ဟု မြောင်းမြမြို့ခံတစ်ဦးကပြောသည်။

 

ထို့ပြင် ဦးလှဟန်သည် မြောင်းမြမြို့အခြေစိုက် အမှတ် ၉၃ ခြေလျှင်တပ်ရင်းအနီးတွင် ကိုယ်ပိုင် ထရန်စဖော်မာ တပ်ဆင်ကာ အနီးဝန်းကျင်နေအိမ်များအား အခကြေးငွေရယူကာ လျှပ်စစ်မီးများ ဖြန့်ဝေနေကြောင်း ဒေသခံများထံမှ သိရသည်။

 

“ကျေးရွာမီးလင်းရေး လုပ်ငန်းတွေ တင်ဒါချပေးရင်လဲ သူ့သားပိုင်တဲ့ ကုမ္ပဏီကိုပဲ အမြဲတင်ဒါအအောင်ပေးတယ်၊ မြောင်းမြထောင်နားက ဟိုတယ်နဲ့အပန်းဖြေနေရာမှာဆိုရင် မီးက လုံးဝမပျက်ဘူး သူ့ကို ပိုက်ဆံပေးပြီး လုပ်ထားတာ” အဆိုပါ ဒေသခံမှ ဆက်လက်ပြောကြားသည်။

 

စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံအနှံ့ လျှပ်စစ်မီးပုံမှန် မရရှိတော့ဘဲ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မှလွဲ၍ ဒေသအားလုံးတွင် တစ်နေ့လျှင် ပျှမ်းမျှ လျှပ်စစ်မီးရရှိချိန်မှာ ၄နာရီခန့်သာ ရှိနေကြောင်း သတင်းအချက်အလက်များအရ သိရသည်။

Related News

Depend on news