၂ နှစ်တာအတွင်း တန်းတူညီမျှရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် စုစုစည်းစည်းဖြင့် တိုင်ပင် ဆွေးနွေးနိုင်သည့် အခြေအနေတစ်ခု ရောက်ရှိနေပြီဟု ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

Author မွန်လေး
Categories
Published on Feb 13, 2023

 

၂ နှစ်တာအတွင်း တန်းတူညီမျှရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် စုစုစည်းစည်းဖြင့် တိုင်ပင် ဆွေးနွေးနိုင်သည့် အခြေအနေတစ်ခု ရောက်ရှိနေပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်ခဲ့သည့် ၇၆ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် ခေတ်အဆက်ဆက် ကျင်းပခဲ့ကြောင်း၊ စစ်မှန်သည့် ပြည်ထောင်စု အရသာကို မခံစားခဲ့ရဘဲ တိုင်းရင်းသား အချင်းချင်း နှစ် ၇၀ ကျော် ပြည်တွင်းစစ်ဖြစ်ပွားပြီး ဖြတ်သန်းလာခဲ့ရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

“နွေဦးတော်လှန်ရေး ၂ နှစ်တာ ရုန်းကန်ဖြတ်သန်းမှုနဲ့အတူ ကျွန်တော်တို့အားလုံးဟာ စစ်မှန်ပြီး တန်းတူညီမျှရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တစ်ခုဖြစ်အောင် ဘယ်လို တည်ထောင်ကြရမလဲဆိုတာတွေကို စုစုစည်းစည်းနဲ့ တိုင်ပင်ဆွေးနွေးနိုင်တဲ့ အခြေအနေတစ်ခုကိုရောက်ရှိနေပြီဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

ထို့ကြောင့် ပြည်ထောင်စုနေ့ဆိုသည့် အမည်နာမအစား သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုသည့် နေ့ဖြစ်ခြင်းကြောင့် ၂၀၂၂ ခုနှစ်မှ စတင်ကာ ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ကြောင်း၊ မတူကွဲပြားမှုများပြားသည့် ကျွန်တော်တို့နိုင်ငံသည် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်နိုင်ရန် မလွယ်ကူခြင်းသည် အမှန်ပင်ဖြစ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ရှင်းလင်း ပြောကြားသည်။

“ဒါပေမဲ့ ဒီနှစ်နှစ်တာ ကာလအတွင်းမှာ တိုင်းပြည်ရဲ့ ဘုံရန်သူအစစ်အမှန်က ဘယ်သူဆိုတာကို ကောင်းကောင်းသိရှိနားလည်နေကြပြီဖြစ်ပြီးတော့ ဒီဘုံရန်သူကိုသာ အမြစ်ပြတ်တိုက် ထုတ်နိုင်ပါက တကယ့်ပြည်ထောင်စု အစစ်အမှန်ကို တည်ဆောက်နိုင်မယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်သည် စစ်အာဏာရှင်စနစ် နိဂုံးဖြစ်ရမည်ဆိုသည့် ရည်မှန်းချက်ဖြင့် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာငွေရှာဖွေရေး ကဏ္ဍ အသီးသီးကို one year plan ချမှတ်ပြီးဘက်ပေါင်းစုံ တပြိုင်နက် ကြိုးပမ်းနေပြီး၊ လုပ်ဆောင်ချက်များကို ပြည်သူများ မှန်မှန်ကန်ကန် သတင်းရရှိနိုင်ရန်၊ အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်မှုများကို ပြည်တွင်းသာမက နိုင်ငံတကာ အဖွဲ့အစည်းများပါ သိရှိနိုင်ရန်အတွက် ပြန်ကြားရေးကဏ္ဍကိုလည်း ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ပြည်ထောင်စုဝန်ကြီးချုပ် #မန်းဝင်းခိုင်သန်း