PDF တစ်ဦးမှ ရရှိထားသည့် မုန့်ဖိုးများဖြင့် အခက်အခဲဖြစ်နေသည့် အဖိုးအဖွားများအား ပြန်လည်လှူဒါန်း

Author လင်းခိုင်
Categories
Published on Feb 08, 2023

PDF တစ်ဦးမှ ရရှိထားသည့် မုန့်ဖိုးများဖြင့် အခက်အခဲဖြစ်နေသည့် အဖိုးအဖွားများကို ဆန်ရိက္ခာများ ပြန်လည် လှူဒါန်းပေးခဲ့ကြောင်း Guerilla Ranger မှ ကိုနေမင်းက CJ Platform သို့ပြောကြားသည်။

“သားသမီးတွေက မရှိ တောထဲမှာ တစ်နှစ်ကျော်လောက်နေခဲ့ရတော့ စားစရာလုံး၀မရှိတာ သိရတယ်။ အရွယ်ကလည်း အရမ်းကြီးနေပြီ အလုပ်ကိုင်ကလည်း ဒီဘက်မှာ ဘာမှ မရှိတော့ စားရာ အခက်အခဲဖြစ်နေတယ်ဆိုတာ သိရလို့ သွားလှူဖြစ်တာ” ဟု လှူဒါန်းခဲ့သူ ကိုနေမင်းက ပြောကြားသည်။

ပုလဲမြို့နယ် ရှိ ကျေးရွာ နှစ်ရွာမှ အသက်အရွယ်ကြီးရင့်နေသူ အိမ်ထောင်စုနှစ်စုကို ဖေဖော်ဝါရီ ၆ ရက်က လှူဒါန်းပေးခြင်း ဖြစ်ပြီး၊ ယခုလှူဒါန်းခဲ့သည့် ပိုက်ဆံများသည် ပြည်သူများမှ ကိုနေမင်းကို အသုံးပြုရန် ပေးထားသည့် ငွေများဖြင့် အလှူဒါန ပြန်လည်ပြုလုပ်ပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်သွားတော့ ဆန်လိုက်ချေးနေတာတွေ့ရတယ်။ အခုလိုလှူပေးလိုက်တော့ အရမ်းတွေ၀မ်းသာနေတာ၊ အဖွားဆို အရမ်းကြောက်တယ်ပြောနေတာ၊ မကြောက်ဖို့အားပေးရတယ်။ ဆန်ကုန်တိုင်း ပြောဖို့ပါ ပြောခဲ့တယ်” ဟု ကိုနေမင်းက ရှင်းပြသည်။

ယခုကဲ့သို့ လှူဒါန်းပေးခြင်းသည် ပြည်သူများအား PDF များမှ ကူညီ၊ ကာကွယ်ပေးနေသည်ဆိုသည်ကို သိရှိစေရန်နှင့် အခက်အခဲဖြစ်နေသည့် အဖိုး၊ အဖွားများအတွက် အထောက်အပံ့ဖြစ်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟုလည်း ကိုနေမင်းက ဆိုသည်။

“ကျွန်တော် ရထားတဲ့ အသုံးစရိတ် လေးသိန်းထဲကနေ လှူဒါန်းပေးခဲ့တာပါ” ဟု ကိုနေမင်းက ပြောကြားသည်။

ယခုလှူဒါန်းခဲ့သည့် အသက်အရွယ်ကြီးရင့်သူ မိသားစုတစ်စုသည် အသက် ၉၀ အရွယ်အဖွားအိုနှင့် သမီးဖြစ်သူ ၆၇ နှစ်အရွယ် အဖွားတို့ အတူနေထိုင်ပြီး၊ နောက်မိသားစုတစ်စုသည် အသက် ၇၀ ကျော်အဖွားနှင့် ၆၀ ကျော် အဖိုးတို့ နေထိုင်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ-ကိုနေမင်း
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #PDF #အလှူ #ကိုနေမင်း