ဝန်ကြီးဒေါ်ဇင်မာအောင်၊ ယူကေနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး စစ်ကောင်စီ အကြမ်းဖက်မှုများ ရပ်တန့်နိုင်ရန် ဆွေးနွေး

Author လင်းခိုင်
Categories
Published on Feb 07, 2023

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ယူကေနိုင်ငံခြားဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး စစ်ကောင်စီအကြမ်းဖက်မှုများ ရပ်တန့်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၆ ရက်က ယူကေနိုင်ငံခြားရေးဝန်ကြီး James Cleverly အား ယူကေ စံတော်ချိန် ညနေ ၃ နာရီ မိနစ်၃၀ ၌ ယူကေနိုင်ငံခြားရေးဝန်ကြီးရုံး၌ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ တွေ့ဆုံရာတွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ရပ်တန့်နိုင်ရန် ဆောင်ရွက်နိုင်ရေး၊ လူနည်းစု လူမျိုးများအရေးနှင့် အခြားအကြောင်းအရာများကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယူကေနိုင်ငံသို့ ရောက်ရှိနေသည့် ဝန်ကြီး ဒေါ်ဇင်မာအောင်သည် အခြားသော သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်လက်တွေ့ဆုံကာ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၁နာရီခွဲတွင်လည်း ဝန်ကြီးသည် ယူကေနိုင်ငံ Labour Party မှ လွှတ်တော်အမတ် Rushanara Ali နှင့်တွေ့ဆုံခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးကို UK ပါလီမန်မှ ပိုမိုတိုးမြှင့် ထောက်ခံရေး၊ ဒုက္ခသည်ကိစ္စ၊ လူနည်းစုအခွင့်အရေး အကာအကွယ်ပေးရေး ကိစ္စများကို ဆွေးနွေးခဲ့သေးသည်။

ဓာတ်ပုံ-NUG နိုင်ငံခြားရေးဝန်ကြီးဌာန
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #UK #ဒေါ်ဇင်မာအောင်