နတ်တလင်းမြို့တွင် စက်လှေဂိတ်သို့ တက်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးကာ၊ ၆ဦး ဒဏ်ရာရ

Author လင်းခိုင်
Categories
Published on Jan 27, 2023

 

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ မကျီးပင် စက်လှေဂိတ်မှ တက်လာသည့် အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်ကို ဒေသခံ PDF များက ကြားဖြတ်တိုက်ခိုက်ခဲ့မှုကြောင်း စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF မှ သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံက CJ Platform သို့ပြောကြားသည်။

ဇန်နဝါရီ ၂၆ ရက် နေ့လယ် ၂ နာရီ မိနစ် ၃၀ခန့်တွင် နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အထက်ပိုင်း ဘိုကြီးစခန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များထံသို့ အင်အားဖြည့်တင်းရန် မကျီးပင် စက်လှေဂိတ်မှ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့၀င် အင်အား ၂၀ ခန့်ကို ဒေသခံ PDF များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ပဲခူးရိုးမထဲမှာ ဆည်တွေရှိတယ်။ အဲ့ဒီကနေပြီးတော့ ဒီကောင်တွေက စက်လှေတွေနဲ့ တက်လာတာကို ကျွန်တော်တို့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” ဟု သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံက ပြောကြားသည်။

အထိနာခဲ့သည့် စစ်ကောင်စီတပ်များသည် ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက် ယင်းနေရာကို အင်အား ထပ်မံဖြည့်တင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များအနေဖြင့် အထိအခိုက်မရှိ အောင်မြင်စွာ စစ်ဆင်ရေး ဖော်ဆောင်နိုင်ခဲ့ကြောင်းလည်း သိရသည်။

“ ပဲခူးမြို့တွေက တစ်မြို့နဲ့တစ်မြို့ကို ၁၂ မိုင်လောက်ပဲဝေးတယ်။ အချို့မြို့တွေဆို ၆ မိုင် ၇ မိုင်ပဲဝေးတယ်။ ဒီကောင်တွေ အထိနာခဲ့တော့ အဲ့ဒီနေရာကို ပြုံပြီး ခြေရှုပ်ကုန်ကော၊ တော်လှန်ရေး ရဲဘော်တွေက အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံက ပြောကြားသည်။

အထက်ပါ စစ်ဆင်ရေးကို သာယာ၀တီခရိုင် PDF တပ်ရင်း ၃၀၈၁ မှ တပ်ခွဲ ၁ (Zigon PDF) ၊ တပ်ခွဲ ၂(Phoenix)၊ တပ်ခွဲ ၃ နတ်စစ်သည်နှင့် တပ်ခွဲ ၄(MRF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပဲခူးတိုင်းအတွင်းရှိ PDF ရဲဘော်များအနေဖြင့် မောင်းပြန်သေနတ်များ၊ လက်လုပ်သေနတ်များဖြင့် စစ်ကောင်စီတပ်များကို ခုခံတော်လှန်နေခြင်းဖြစ်သည်။

ဓာတ်ပုံ -Bago Region PDF
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #နတ်တလင်းမြို့ #ပဲခူးတိုင်း