SSPPဌာနချုပ် အပေါ် စစ်လေယာဥ်ပျံသန်းပြမှုသည် နိုင်ငံရေးအရ ဖိအားပေးခြင်း ဖြစ်နိုင်ဟု SSPPပြောရေးဆိုခွင့်ဆို

Author ခေတ်နီ
Categories
Published on Jan 25, 2023

 

နေပြည်တော်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ရှမ်းပြည်တိုးတက်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဌ တို့ ငြိမ်းချမ်းရေးအကြောင်းပြ တွေ့ဆုံနေချိန်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်
SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းမြို့အပေါ် သို့ စစ်ကောင်စီတပ်၏ လေယာဥ်များ ပျံဝဲပြမှုသည် နိုင်ငံရေးအရ ဖိအားပေးခြင်း ဖြစ်နိုင်ဟု SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က CJ Platformသို့ ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ နေပြည်တော်တွင် RCSS အဖွဲ့၏ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီးယွက်ဆစ်နှင့် စစ်ကောင်စီတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးနေစဥ်အတွင်း စစ်ကောင်စီတပ်၏ FTC-2000G အမျိုးအစား တိုက်လေယာဥ်ဖြင့် SSPPဌာနချုပ်တည်ရှိရာ ဝမ်ဟိုင်းမြို့အပေါ် သို့ အနိမ့်ပျံသန်းမှုများ ပြုလုပ်ခဲ့တာပဲ ဖြစ်သည်။

စစ်ကောင်စီဘက်က ဝမ်ဟိုင်းဌာနချုပ်အပေါ် ယခုလို တိုက်လေယာဥ်ပျံသန်းပြမှုသည် ရန်စသည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်းလည်း SSPPဘက်က တုံ့ပြန်ထားပြီး ဒါနဲ့ပတ်သတ်လို့ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူစိုင်းဖုန်းဟန်ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ယခုလိုပဲ ပြန်လည်ဖြေကြားထားသည်။

” ဒီလိုပျံသန်းပြတာက အကြောင်းမရှိ အကြောင်းရှာတယ်လို့ပဲ မြင်တယ်၊ အခြားတဖက်မှာလည်း RC ဥက္ကဌ နဲ့ ဆွေးနွေးပွဲလုပ်နေချိန်နဲ့ ချိန်ကိုက်လုပ်ပြတော့ နိုင်ငံရေးပယောဂ နိုင်ငံရေးဂျင်း ထည့်ပေးလိုက်တယ်လို့ပဲ မြင်တယ် နောက်အချက်က မြေပြင်ကတပ်တွေ အားကိုးလို့မရရင်တောင် လေတပ်တွေသုံးနိုင်တယ်ဆိုတဲ့ မက်ဆေ့ပေးတယ်လို့လည်း ကောက်ချက်ချနိုင်ပါတယ်”ဟူ၍ ဖြေကြားထားသည်။

ရှမ်း လက်နက်ကိုင်အဖွဲ့များဖြစ်သည့် SSPPနှင့် RCSSအဖွဲ့များသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား တက်ရောက်ခဲ့သည့် အဖွဲ့များဖြစ်သော်လည်း တဖက်တွင် မြေပြင်၌ စစ်ကောင်စီတပ်များနှင့် မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်နေလျက်ရှိနေကာ အဆိုပါ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့အကြားမှာလည်း ဒေသတွင်း စစ်ရေးအရ တင်းမာမှုများ ရှိနေသည်။

ထို့အပြင် ယခုလို စစ်ကောင်စီဘက်က လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး အမည်မဖော်လိုသည့် ရှမ်းနိုင်ငံရေး လေ့လာသူတစ်ဦးကလည်း ယခုလို ဆိုထားသည်။

“SSPP နဲ့တွေ့နေတုန်း RCSS စခန်း မိုင်းပန်ကို လာဝိုင်းတယ်၊ RCSS နဲ့ တွေ့နေတုန်း ဝမ်ဟိုင်းကို လေယာဥ်ဝဲတယ်၊ ဒါက စကစရဲ့ အိမ်ကြက်ခြင်း အိုးမည်းသုတ်တဲ့ ဗျူဟာလို့ပဲမြင်တယ် တမင်သက်သက် ရန်ဖြစ်အောင် လုပ်တာပေါ့ တိုက်ပွဲတွေ ဖြစ်လာနိုင်မလားဆိုတာကတော့ ပြောရခက်တယ်”ဟု ဆိုသည်။

စစ်ကောင်စီသည် ၎င်းတို့ တိုင်းပြည်အာဏာ သိမ်းယူပြီးချိန်မှ စတင်ပြီး တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များကြား ဖြစ်ပွားသည့် တိုက်ပွဲများတွင် လေကြောင်းပစ်ခတ်မှုများနှင့် တိုက်ခိုက်လေ့ ရှိနေသည့် အပြင် အရပ်သားများ နေထိုင်ရာ နေရာများအပေါ်မှာလည်း အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းများ မကြာခဏ ဆိုသလို ပြုလုပ်လျက် ရှိနေသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #SSPP #RCSS #တိုက်လေယာဉ် #နိုင်ငံရေးဂျင်း