ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည့် ဇီးကုန်းမြို့ ထွေအုပ်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ ထိခိုက်မှုများရှိ

Author မွန်လေး
Categories
Published on Jan 21, 2023

 

ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည့် ဇီးကုန်းမြို့၊ ထွေအုပ်ရုံးကို လင်းယုန်နီက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုများ ရှိနိုင်ကြောင်း အဖွဲ့တာ၀န်ခံ၊ ဗိုလ်လင်းယုန်က CJ Platform သို့ပြောကြားသည်။

ဇန်နဝါရီ ၂၁ ရက် နံနက်၊ ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် စစ်ကောင်စီ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည့် ထွေအုပ်၀န်ထမ်းများ ၊စစ်ကောင်စီအဖွဲ့များကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ သူတို့ အထိအခိုက်ကတော့ စုံစမ်းတုန်းပါဗျ၊ အဲ့ဒီ ထွေအုပ်ရုံးမှာ စစ်ခွေးတွေကောရှိတယ်။ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတာ၊ စစ်ခွေးတွေက ထွေအုပ်ရုံးကို လုံခြုံရေးယူပေးထားတာ” ဟု ဗိုလ်လင်းယုန်က ပြောကြားသည်။

မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့သည် ယင်းတို့ မတရားသိမ်းယူထားသည့် နိုင်ငံတော်အာဏာအား ဆက်လက်ထိန်းသိမ်းနိုင်ရေးနှင့် အကြမ်းဖက် အဖွဲ့ကို တရား၀င်အစိုးရ ဖြစ်လာစေရေးအတွက် ဟန်ပြ ရွေးကောက်ပွဲကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဗိုလ်လင်းယုန်က ဆိုသည်။

ထွေအုပ်ရုံးအတွင်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီးနောက်၊ စစ်ကောင်စီတပ်သားများသည် ထွေအုပ်ရုံးရှေ့ ထွက်လာသည့်အတွက် ဆိုင်ကယ်တွင် တပ်ဆင်ထားသည့် ရှေ့ထွက်မိုင်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သားများ အထိအခိုက်ရှိခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့်လည်း စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲ လုပ်ငန်းများတွင် ပါ၀င်ပတ်သတ်မှု မပြုလုပ်ကြရန်နှင့် ထိုသို့ စစ်အာဏာရှင် သက်ဆိုးရှည်စေမည့် ဟန်ပြရွေးကောက်ပွဲ ဖြစ်မြောက်ရေးတွင် ပါ၀င်ပတ်သက်သည့် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မျိုးမဆို လင်းယုန်နီ ကန့်ဘလူ တော်လှန်ရေးအဖွဲ့မှ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-လင်းယုန်နီ ကန့်ဘလူ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဇီးကုန်းမြို့ #ရွေးကောက်ပွဲ