ကျောက်တံခါးမြို့နယ်တွင် အသေးစားချေးငွေလုပ်ငန်း ကုမ္ပဏီများအား ဓားပြတိုက်ရန် သတင်းကြိုတင်ရထားသည်ဟုဆိုကာ စစ်ကောင်စီမှ ခေါ်ယူသတိပေး

Author လင်းခိုင်
Categories
Published on Jan 19, 2023

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်တွင် အသေးစားချေးငွေလုပ်ငန်း ကုမ္ပဏီများအား ဓားပြတိုက်ရန်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သတင်းကြိုတင်ရရှိထားသည်ဟုဆိုကာ စစ်ကောင်စီမှ ကုမ္ပဏီများအား ခေါ်ယူ သတိပေးခဲ့ကြောင်း သိရသည်။

“တစ်ပတ်လောက်ရှိပြီ စစ်တပ်ကဦးဆောင်ပြီးတော့ ငွေချေးကုမ္ပဏီတွေကို ခေါ်ပြီးသတိပေးတာ၊ ရဲနဲ့အုပ်ကြီးတွေလဲပါတယ် ထွေအုပ်လဲပါတယ်၊ ဓားပြတိုက်ဖို့ပြင်ဆင်နေတယ်ပေါ့ သတိထားကြပါဆိုပြီး၊ အစည်းအဝေးမှာတော့ ကုမ္ပဏီတစ်ခုကို တစ်သိန်းအလှူငွေထည့်ခဲ့ရတယ် အဲ့ဓားပြကတော့ အရင်ဆုံးတိုက်တာပဲ”ဟု အသေးစားငွေချေးလုပ်ငန်းတစ်ခုမှ မြို့နယ်အဆင့် တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီမှ ယင်းသို့ခေါ်ယူသတိပေးသော်လည်း ကုမ္ပဏီများ ကျေးရွာများဆင်းကာ ငွေကြေးကောက်ခံရာတွင်မူ လုံခြုံရေးများ တောင်းခံသော်လည်း ပေးအပ်ခြင်းမရှိကြောင်းနှင့် ကျေးရွာများသို့ ချေးငွေများကောက်ခံရန် သွားရောက်ရာတွင် သက်ဆိုင်ရာ ရဲစခန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို အကြောင်းကြားကာ သွားရောက်ရနေရကြောင်း သိရသည်။

“ဓားပြတိုက်ခံရဖို့ရှိတယ်ဆိုပြီးပြောပြီး ဘယ်ကိုချေးငွေဆင်းကောက်ကောက် ဝန်ထမ်းတွေကို သူတို့ကိုအကြောင်းကြားဖို့ပြောတယ် တစ်ခါအကြောင်းကြားရင် ဖုန်းဘေ တစ်သောင်းထည့်ပေးရတယ်၊ ဓားပြကတော့ ဘယ်နားမှန်းမသိသေးဘူး၊ သူတို့ကတော့ အရင်တိုက်နေတာပဲ” ၎င်းက ဆက်လက်ပြောကြားသည်။

ပဲခူးတိုင်းအတွင်း မှတ်ပုံတင်ထားသည့် အသေးစားချေးငွေလုပ်ငန်း ကုမ္ပဏီပေါင်း ၁၀ခုအထက်ရှိနေပြီး ကုမ္ပဏီဝန်ထမ်းများအနေဖြင့် ကျေးရွာများသို့ သွားရောက်ဝန်ဆောင်မှုလုပ်ဆောင်ရာတွင် စစ်ကောင်စီတပ်များအား လာဘ်ငွေပေးကာ သွားရောက်နေရကြောင်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ပဲခူးတိုင်း #ကျောက်တံခါးမြို့နယ် #ငွေချေးလုပ်ငန်း #ဓားပြ