ရေတာရှည်မြို့နယ်တွင် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိ သုံးဦးအပါအ၀င် ၄၀ ကျော် သေဆုံးခဲ့ဟုဆို

Author လင်းခိုင်
Categories
Published on Jan 18, 2023

 

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလားသည့် စစ်ကောင်စီတပ်ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ တပ်ခွဲ ၄ နှင့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ရာ၊ ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိ ၃ ဦး အပါအ၀င် ၄၀ ကျော် သေဆုံးခဲ့ကြောင်း Bago Region PDF က ယနေ့ ထုတ်ပြန်ထားသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့မှုများသည် ဇန်နဝါရီ ၁၆ ရက် ည ၆ နာရီတွင် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်များမှ နဂျပ်တောင်ဖက်သို့ ချဉ်းကပ်လာသဖြင့် တပ်ခွဲ ၄၊ တပ်စု ၂ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ ဦး ထက် မနည်းသေုဆံးပြီး ၆ ဦးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

ထို့ပြင် ဇန်နဝါရီ ၁၇ ရက် နံနက် ၅ နာရီအချိန်တွင် ထပ်မံ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များကို တပ်ခွဲ ၄၊ တပ်စု၂ ၊ တပ်စု ၃ ကင်းပုန်းများနှင့် မိနစ် ၂၀ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၁၀ နာရီတွင် နဂျပ်အရှေ့မြောက်ဖက် ၀က်ပပ်လမ်းတွင် တပ်ဖြန့်ပြီး တက်လာသည့် အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် PDF များ မိနစ် ၃၀ ခန့်ထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ယင်းအပြင် နေ့လယ် ၁၂ နာရီ၀န်းကျင်၌ နဂျပ်-ကွင်းချောင်းလမ်း၊ ကျောက်ပုံကုန်း၌ တပ်ခွဲ ၄၊ အထူးဒေသတပ်ဖွဲ့၊ ဒေါင်းမင်းသားအဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီ တပ်များကို ကိုက် ၅၀ အတွင်း တတိယအကြိမ် တစ်နာရီခန်က ထိတွေ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။

အထက်ပါ တိုက်ပွဲများတွင် PDF ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အရာရှိ ၃ ဦး အပါအ၀င် ၄၀ ကျော်သေဆုံးခဲ့ကာ၊ သေဆုံးဒဏ်ရာရရှိသူများကို စစ်ကောင်စီဘက်မှ ယနေ့(ဇန်နဝါရီ ၁၈ရက်)အထိ ကားများဖြင့် သယ်ထုတ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများတွင် တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ထွက်ပြေးစဉ် ကျကျန်ခဲ့သည့် ကျောပိုးအိတ်များကို စစ်ဆေးခဲ့ရာ အမြောက်တပ်မှ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရေတာရှည်မြို့နယ်၌ စစ်ကောင်စီတပ်များနှင့် PDF များ စစ်ဆိုင်ထားဆဲ အခြေအနေဖြစ်သဖြင့် ပြည်သူများ စစ်ကောင်စီတပ်များနှင့် အဝေးဆုံးနေရာများတွင်သာ နေထိုင်ရန် Bago region PDF က အသိပေးထားသည်။

ဓာတ်ပုံ- Bago Region PDF
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ပဲခူးတိုင်း #တောင်ငူခရိုင် #ရေတာရှည်